မင်းပြားမြိုနယ်တွင် ရဟန်းရှင်လူပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မင်းပြား  ဩဂုတ် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများအား လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သတ်မှတ်စုရပ်နေရာများထားရှိပြီး ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာများ၌ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက်သက်ကြီး အဘိုး/အဘွား များအား ကာကွယ်ဆေး ထိုးနှံရမည့် စုရပ်နေရာများဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမတို့၌ စုရပ်များနေရာများအဖြစ် သတ်မှတ်ကာ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ် အိုများနှင့် ကျေးလက်နေပြည်သူများ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ ဈေးသည်များ၊ အငှားယာဉ် မောင်းနှင်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျှက်ရှိသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ရဟန်းရှင်လူပြည်သူများ၊ ကျေးလက်နေ ပြည်သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်အနေ အထားရောက်ရှိမှသာ (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့်အနား ယူစေခြင်းများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)