ဒလမြို့နယ်ရှိ ပြည်သူများ၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ရေသန့်စင်စက်ရုံ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေ  ရေသယ်ပိုက်လိုင်း သွယ်တန်းခြင်း ၇၀ ရာခိုင်နှုန်းပြီးစီး

ရန်ကုန် သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် တစ်နေ့လျှင် သုံးရေဂါလန် ၃ ဒသမ ၃ သန်း နှင့်  သောက်ရေဂါလန် ၆၆၀၀၀ ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံ စီမံကိန်း အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒလ-တွံတေး ကားလမ်းမကြီး တစ်လျှောက်  အချင်း ၆၃၀ မီလီမီတာ (၂၄လက်မ)ရှိ HDPE  Main Transmission ရေသယ်ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ အနေဖြင့် ၇၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း ဒလမြို့နယ် ရေရရှိရေးနှင့်ရေပေးဝေရေး လုပ်ငန်းတာဝန်ခံ အဖွဲ့မှ သိရသည်။

တွံတေးမြို့နယ် ပိတ်ဆွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာ၌  အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေသန့်စင်စက်ရုံစီမံကိန်း ဧရိယာ၌ အရှည် ပေ ၉၅၀၀ မြေသားလမ်း တိုးချဲ့ခြင်းနှင့် ကွန်ကရစ်လမ်းခင်းကျင်း စသည့် အကြိုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ရန်ကုန်ပေါက်ရေပေးဝေရေးစခန်း အဝင်လမ်းထိပ်မှ ဒလမြို့နယ် ကနောင် လမ်းမပေါ်ရှိ လျာထားလျက်ရှိသော Service Reservoir  အထိ အချင်း ၆၃၀ မီလီမီတာ (၂၄လက်မ)ရှိ HDPE  Main Transmission Pipe အရှည် (၄၁၅၆၉ ပေ)  ရေသယ်ပိုက်လိုင်းကြီး သွယ်တန်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒလမြို့နယ် ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိအချိန်တွင် တွံတေးမြို့နယ် ရန်ကုန်ပေါက် ရေပေးဝေရေးစခန်းမှ နေ့စဉ် ရေဂါလန် ၁ သန်းကို အချင်း ၂၄ လက်မ ပိုက်လိုင်းဖြင့် ဒလမြို့နယ် ရေရရှိရေးနှင့် ရေပေးဝေရေးစခန်းသို့ ပို့ဆောင်ပေးပြီး မြို့ပေါ်ရှိ ရပ်ကွက် ၂၄ ရပ်ကွက်မှ ရေမီတာသုံးစွဲသူ အိမ်ထောင်စုပေါင်း ၄၆၂၅ စုကို ပိုက်လိုင်း စနစ်ဖြင့် ပေးဝေလျက်ရှိကြောင်းသိရသည်။ ယခင်က ဒလမြို့နယ်အတွက် သောက်သုံးရေများကို ရန်ကုန်ပေါက် ရေပေးဝေရေးစခန်းမှ ရေကို တိုက်ရိုက်စနစ်ဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ ရေပေးဝေရေးစခန်း၌ ရေသန့်စင်စက်ရုံတည်ဆောက်၍  Nano Filter ရေကို သန့်စင်၍ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

ဒလမြို့နယ်အတွင်းရှိ ပြည်သူများစွာတို့၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒလ-တွံတေး ကားလမ်းမကြီးတစ်လျှောက် အချင်း ၆၃၀ မီလီမီတာ (၂၄လက်မ)ရှိ HDPE  Pipe  ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်မှု လုပ်ငန်းများအနေဖြင့် အရှည် ၂၃၂၆၀ ပေ ဆောင်ရွက်ရန်ဖြစ်ပြီး ယခုအခါ အရှည် ၁၆၄၇၈ ပေ ပြီးစီးကာ အရှည် ၆၇၈၂ ပေ သာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း၊ ရေသယ်ပိုက်လိုင်းကြီး သွယ်တန်းမှုလုပ်ငန်းအနေဖြင့် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်းသိရသည်။

နိုင်လင်းကျော်(IPRD)