စစ်တွေ ဩဂုတ် ၉
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေ မြို့နယ်အတွင်းရှိ မုန်းတိုင်းဒဏ်ခံ အဆောက်အဦများနှင့် ကယ်ဆယ်ပစ္စည်းသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် သဲချောင်း(ရခိုင်)ကျေးရွာရှိ ဘက်စုံ သုံးမုန်တိုင်းဒဏ်ခံအဆောက်အဦအား သွားရောက်ကြည့်ရှုပြီး အဆောက်အဦအတွင်း လျှပ်စစ်မီး တပ်ဆင်ထားရှိမှု၊ ရေလိုင်းများတတ်ဆင်ထားရှိမှုနှင့် လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ ကြည့်ရှုစဉ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ခံများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် ပလ္လင်ပြင်ကျေးရွာရှိ မုန်တိုင်းဒဏ်ခံ အဆောက်အဦနှင့် ခေါင်းဒုက္ကာကျေးရွာအုပ်စု၊ အောင်ပင်လယ်၊ ဘောဒူဖကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း မုန်တိုင်းဒဏ်ခံဘက်စုံသုံးအဆောက်အဦတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ်ကြက်ခြေနီ သိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုကြသည်။ ၎င်းသို လှောင်ရုံတွင် ပြည်နယ်အတွင်း ဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူများအား အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ပစ္စည်းများသိုလှောင်ထားခြင်းဖြစ်သည်။ ယင်း နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနပိုင် သိုလှောင်ရုံသို့သွားရောက်ပြီးကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ သိုလှောင်ရုံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ထောက်ပံ့ထားသည့် ပစ္စည်းများကို သိုလှောင်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည်နှင့်အညီ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့နေရသည့်ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဘေးအန္တရာယ်ဖြစ်ပွားလာပါက ပြည်သူ များခိုလုံနိုင်ရန်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦ ၅၇ လုံးဆောက်လုပ်ထားပြီး ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီကယ် ဆယ်ရေးဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံကြက်ခြေနီ သိုလှောင်ရုံအပြင် ခရိုင်မြို့(၅)မြို့တွင် သိုလှောင်ရုံများထားရှိကာ မြို့နယ်ရုံးဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ်ရုံး သိုလှောင်ရုံတွင်လည်း ကယ်ဆယ်ရေးပစ္စည်းများကို အသင့်ဖြည့်ဆည်းဆောင်ရွက်ထားကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)