မိုးကောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ထိန်းချုပ်ခြင်း လုပ်ငန်းများအတွက် လိုက်နာရမည့် စည်းကမ်းချက်များ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

မိုးကောင်း ဩဂုတ် ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ Stay At Home အစီအစဉ်တွင်ပါဝင်သော မိုးကောင်းမြို့ နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ထိန်းသိမ်းခြင်း လုပ်ငန်းများ အတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ယနေ့ နံနက် ၇ နာရီမှစတင်၍ ပျံကျဈေးများ၊ မီးပွိုင့်လမ်းဆုံ၊ လမ်းဆုံလမ်းထောင့်များ၌ အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်ချက်များတွင် မိမိနေအိမ်တွင်းသာနေထိုင်ကြရေး၊ မဖြစ်မနေဈေးဝယ်/ ထွက်လျှင် တစ်အိမ်လျှင်တစ်ဦးသာ သက်ဆိုင်ရာ ရပ်ကွက်ရုံးမှ ထုတ်ယူထားသော ဈေးဝယ်ခွင့်ကတ် အသုံးပြုရေး၊ ကျန်းမာရေးကိစ္စအတွက် ဆေးရုံးဆေးခန်း သွားလိုပါက ယာဉ်မောင်း အပါအဝင်(၃)ဦး သာ သွားရောက်ခွင့်ပြုထားရေး၊ နေအိမ်မှပြင်ပသို့ မဖြစ်မနေသွားရလျှင် နှာခေါင်း/ပါးစပ်စည်း (Mask)တပ်ဆင်ရေး၊ ဈေးရောင်း ဈေးဝယ်အချိန် ကန့်သတ်ထားရေး၊ ဈေးရောင်းဈေးသည်များ ဈေးရောင်းချချိန်တွင် ပါးစပ်၊ နှာခေါင်းစည်း၊ face shield၊ လက်အိတ်များ မဖြစ်မနေဝတ်ဆင်ရေး၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စားခွင့်မပြုပဲ Take Awayစနစ်ဖြင့်သာ ရောင်းချသွားရေး၊ လိုက်နာမှု မရှိပါက မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်မည်ဖြစ်ကြောင်း စသည့်အချက်များ ပါဝင်သည်။

အဆိုပါ ဆောင်ရွက်ချက်များကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များဖြစ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကြပြီး အသိပညာပေး လက်ကမ်း စာစောင်များ၊ နှာခေါင်းစည်း Maskများ ဝေငှပေးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးရေး အဖွဲ့မှ ဩဂုတ်လ(၁၀၊ ၁၁၊ ၁၂) ရက်များ တွင်စစ်ဆေးတွေ့ရှိမှုအား အသိပညာပေး ဆောင်ရွက်မည်ဖြစ်ပြီး ဩဂုတ်လ (၁၃)ရက်နေ့မှစတင်၍ စည်းကမ်း ဖောက်ဖျက်သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဩဂုတ်လ(၈)ရက်နေ့ ညနေ(၃)နာရီတွင် ကျင်းပသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မိုးကောင်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အမျိုးသား(၃၅၄)ဦး၊ အမျိုးသမီး (၅၀၆) ဦး၊ စုစုပေါင်း Positive လူနာဦးရေ(၈၆၀)ဦးရှိပြီဖြစ်ပြီး သေဆုံးသူ(၃၆)ဦး၊ ဆေးရုံဆင်းသူ(၅၅၉)ဦး ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)