မြစ်သားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Stay at Home စည်းကမ်း ချက်များ လိုက်နာခြင်း ရှိ/ မရှိ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

မြစ်သား သြဂုတ် ၉

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနေ (Stay at Home) အစီအစဉ် ချမှတ်ဆောင်ရွက်လျက်ရှိရာ ​ဒေသခံပြည်သူများ၏ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းရှိ/မရှိ ယနေ့နံနက်(၈)နာရီက စတင်၍ စစ်ဆေးမှုများကို  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော(Stay at Home) အစီအစဉ်နှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ လိုက်နာမှုအခြေအနေများအား သတ်မှတ်နေရာများဖြစ်သော  မြစ်သား-မြင်းခြံလမ်း၊ မြို့အဝင်သံလမ်းဆုံ ကားဂိတ်နှင့်ရှမ်းပွဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရွှေမုဌော ဘုရားရှေ့တို့ရှိသတ်မှတ်နေရာများမှ ဖြတ်သန်း သွားလာသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များ လိုက်နာမှုရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစစ်ဆေးခြင်းတွင် ဒေသခံပြည်သူများ သွားလာရာတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးများမှ ထုတ်ပေးထားသော ပြင်ပထွက်ခွာခွင့် ကတ်ပြား (သို့မဟုတ်) နယ်မြေပြင်ပ သွားလာခွင့် ထောက်ခံချက် ပါရှိခြင်းရှိ/မရှိ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်သို့ သွားလာရာတွင် ပါးစပ်/ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်နဲ့ မကိုက်ညီသူတွေကို သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ စစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက်သွား မှာဖြစ်ကြောင်း သိရသည်။