မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မောက်မယ်  သြဂုတ်-၉

ရှမ်းပြည်နယ် (တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ်နှင့် မြို့နယ်အတွင်း ဦးစားပေးအဆင့် ၁၂ ခုတွင်ပါဝင်သော ပုဂ္ဂိုလ်များအားလုံးကို ယနေ့နံနက်ပိုင်း၉နာရီမှ  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်း ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမနှင့် ဟိုနမ့်တိုက်နယ် ဆေးရုံတို့၌ ကာကွယ် ဆေးထိုးစုရပ် နှစ်ခုတွင် ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက လက်သန့်ဆေးရည် ဖြင့်လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းပေးခြင်း ၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ်အမျိုးအစား ကာကွယ်ဆေး အား ဆေးတစ်လုံးလျှင် လူနှစ်ယောက်နှုန်းဖြင့် မောက်မယ်မြို့ပေါ်နှင့် ဟိုနမ့်၊ ပန်းတန်ကျေးရွာအုပ်စု အတွင်းကျေးလက် နေ အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ် ထိုးနှံ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး မထိုးနှံရသေးသည့် သံဃာ တော်များ၊ ဂေါပက အဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပရဟိတအသင်းအဖွဲ့ (Volunteer) များနှင့် မိသားစုဝင်များ၊ စျေးရောင်းသူများနှင့်မိသားစုဝင်များ၊ စားသောက်ဆိုင်ရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများနှင့်မိသားစုဝင်များ ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းမှ ယာဉ်မောင်း/ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။   

                                                                                     

စိုင်းမျိုးသန့်