ချောင်းဆုံ ဩဂုတ် ၉
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးမှုကို ဇူလိုင်လ ၂၉ ရက်မှစတင်၍ ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ ပြည်သူ(၉၁၁၀)ဦးအား အောင်မြင်စွာထိုးနှံပြီးစီးကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ဇူလိုင်(၂၉) ရက်မှစတင်၍ ချောင်းဆုံ(အထက)ကျောင်း၊ ရွာလွတ် (အထက) ကျောင်း၊ မုရစ်ကလေး(မူလွန်)ကျောင်း၊ ကညှော်(အထက)ကျောင်းနှင့် ကလွီ (အထက) ကျောင်းတို့တွင် ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာသံဃာတော်များ၊ သီလရှင်များ(၂၃၀ )ပါး၊ အသက်(၆၅)နှစ်နှင့် အထက် (၃၉၈၃)ဦး၊ နိုင်ငံ့ဝန်ထမ်း(၃၃၉)ဦး၊ စေတနာ့ဝန်ထမ်း(၁၃၉၉)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်း(၁၉၈)ဦး၊ ပြင်ပကျန်းမာရေး၊ ပုဂ္ဂလိကဘဏ်နှင့် စက်ရုံဝန်ထမ်း(၂၈၂)ဦး၊ ဈေးသူ/သား (၂၆၇၉)ဦး စုစုပေါင်း(၉၁၁၀)ဦး တို့အားထိုးနှံပေးနိုင်ခဲ့ပြီး ချောင်းဆုံမြို့နယ်အနေဖြင့် ပထမအကြိမ် (Sinopharm) ဆေးအလုံးရေ (၄၅၅၅)လုံး ရရှိခဲ့ပြီး အောင်မြင်စွာထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယ အကြိမ်ကိုဩဂုတ်(၂၇)ရက်တွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးသွားရန် လျာထားလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)