မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၂၃)ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေရန်  ကျေးလက်ရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်

မိတ္ထီလာ   သြဂုတ် ၉

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၂၃)ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၄၅၉.၆၀၃ သန်းဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၄၅၉.၆၀၃ သန်းဖြင့် ခရိုင်အတွင်းရှိ ကျေးရွာ (၂၃)ရွာတွင် မြေသားရေကန်တူးဖော်ခြင်း၊ စက်ရေတွင်းတူးခြင်း၊ ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်းတို့အား  တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိသည်

ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၇)ရွာအနက် ကျေးရွာ(၆)ရွာ မှ ကျေးလက်ရေရရှိလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် မင်းလမ်းသာကုမ္ပဏီမှ   တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် ကျေးရွာတစ်ရွာမှ ကျေးလက်ရေရရှိရေးလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဝမ်းတွင်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာမှ ကျေးလက် ရေရရှိလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် A & A Star Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မလှိုင်မြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၂)ရွာမှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် သာစည်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာမှ ကျေးလက်ရေ ရရှိရေးလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် Aquifer Co.,Ltd နှင့် ထွန်းငွေခိုင်ကုမ္ပဏီတို့က တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကျေးလက်ရေ ရရှိရေး လုပ်ငန်းများကို စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)