မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများထံသို့ Oxygen Concentrator အလုံး ၁၅၀ လှူဒါန်း

မန္တလေး  ဩဂုတ် ၉

မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ပရဟိတအသင်းများ၊ လူမှုကူညီရေး အသင်းများအား တစ်လုံးလျှင် ၉ သိန်း ၆ သောင်းတန်ဖိုးရှိသည့် Oxygen Concentrator အလုံး ၁၅၀ လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ဥက္ကဋ္ဌ ဦးတင်ထွန်းက အဖွင့်အမှာစကားနှင့် လှူဒါန်းရခြင်း ရည်ရွယ်ချက်များပြောကြားကာ ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများ ကိုယ်စား နန္ဒာလူငယ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးလှိုင်မင်းနှင့် အယ်လိဟာဒီစင်တာ တည်ထောင်သူ နှလုံးရောဂါအထူးကုငြိမ်း ဒေါက်တာခင်မောင်ထွေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ယူနန်ဘုံကျောင်းမှ တာဝန်ရှိသူများက ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများထံ Oxygen Concentrator များ ပေးအပ်လှူဒါန်းခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲသို့ မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း၊ မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းအနေဖြင့် အထက် မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်းများနှင့် ဘုန်းကြီးကျောင်းများကို  ဇူလိုင်လ ၂၅ ရက်နေ့က Oxygen Concentrator အလုံး ၄၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်