တိုက်ကြီးမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း ဆက်လက်ဆောင်ရွက်

တိုက်ကြီး ဩဂုတ် ၉

          ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဩဂုတ် လ ၁ ရက်နေ့ မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ယနေ့ နံနက် ၁၀ နာရီအချိန်က ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် တိုက်ကြီးမြို့နယ်အတွင်း အ.ထ.က(မြို့မ)ကျောင်း တွင် စုရပ်(၂)နေရာ၊ ဥက္ကံမြို့ ရွှေကံသာခန်းမ၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၊ ဖလုံကံကုန်း ကျေးရွာ အ.ထ.က ကျောင်း၊ ဖိုးခေါင်ကျေးရွာ ဓမ္မာရုံ နှင့် တော်လတီ အ.ထ.ကကျောင်း စုရပ် (၇)နေရာတို့တွင် ဩဂုတ်လ ၁ ရက်နေ့ မှ ၇ ရက်နေ့ အထိ ကာကွယ်ဆေးထိုးနှံသူ (၂၃၁၁)ဦး ရှိကြောင်း သိရပြီး ဆေးထိုးနှံရေးလုပ်ငန်းစဉ်များကိုလည်း ကာကွယ်ဆေး ထပ်မံရရှိမှု အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          တိုက်ကြီးမြို့နယ်တွင် ဩဂုတ် လ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ (၁၆၀၆)ဦး၊ သေဆုံးသူ (၇၆)ဦး အထိ စံချိန်တင်မြှင့်တက်လာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ နှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စန်းကလျာခိုင်