မိုင်းကိုင်မြို့နယ်၊ နားလုံ(အရှေ့)ကျေးရွာ ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံ ကိုဗစ်-၁၉ရောဂါ ထပ်မံ စစ်ဆေးတွေ့ရှိ၊ Stay At Home ကာလသတ်မှတ်ကြေညာ

မိုင်းကိုင်     ဩဂုတ်    ၉

       ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ဩဂုတ်လ ၇ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့သော အတည်ပြုလူနာ မိသားစုနှင့် ထိတွေ့ဆက်နွယ်သူ အသက် ၃၅ နှစ်အရွယ်၊ နားလုံ(အရှေ့)ကျေးရွာနေ  ဆန်စက်လုပ်ငန်းရှင်  အမျိုးသမီးတစ်ဦးထံတွင်  ယနေ့မနက်ပိုင်းက  ကျန်းမာရေးဌာနမှ  တာဝန်ရှိသူများ၏ ရောဂါစမ်းသပ်စစ်ဆေးချက်အရ  အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

          အဆိုပါအတည်ပြုလူနာသည် အမှတ်(၄)ရပ်ကွက်၊ ဈေးပိုင်းရပ်နေ  အတည်ပြုလူနာ မိသားစု ထံသို့ ဆန်ရောင်းချငွေများ  သွားရောက်ကောက်ခံခဲ့ဖူးပြီး  ထိတွေ့ဆက်နွယ်သူဖြစ်သောကြောင့်  ကျန်းမာရေးဌာနမှ RDT Test Kit စစ်ဆေးခဲ့ရာ  အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း ၊ ဆန်စက် လုပ်ငန်းရှင်  အမျိုးသမီးနှင့်  ထပ်မံထိတွေ့ဆက်နွယ်သူ  ၁၁ ဦးကိုလည်း  မြို့နယ်ပြည်သူ့ဆေးရုံသို့ ခေါ်ယူစစ်ဆေးခဲ့ရာ  ရောဂါပိုးမတွေ့ရကြောင်း  ၊ ထိတွေ့ ဆက်နွယ်သူများ အားလုံး မြို့နယ်ကျန်းမာရေးဌာနသို့ သတင်းပေးပို့ကြရန်နှင့် စုံစမ်းဖော်ထုတ်၍  ရရှိသူများ အားလုံးကို ကျန်းမာရေးစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း အတည်ပြုလူနာများနှင့် ထိတွေ့ဆက်နွယ်သူများ နေ့စဉ် တိုးပွား နေခြင်း၊ ရောဂါကွင်းဆက်ဖြတ်တောက်ခြင်းများကို အရေးပေါ်တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ရပ်ကွက် / ကျေးရွာအုပ်စုများအတွင်း  သတိပေးဆော်ဩမှုများ ဆောင်ရွက်ခြင်း ၊ Mask campaign များပြုလုပ်၍ လှုံ့ဆော်မှုများဆောင်ရွက်ခြင်း၊ ဩဂုတ်လ ၁၀ ရက်နေ့မှစ၍  ရက်သတ္တပတ် တစ်ပတ် တိတိကို ရပ်ကွက်/ကျေးရွာအုပ်စုအားလုံး  မိဘပြည်သူများ၏  Stay At Home ကာလအဖြစ်  သတ်မှတ်ကြေညာခြင်းများ  ဆောင်ရွက်ထားကြောင်း  သိရှိရ သည်။