မိုင်းယောင်း ဩဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုင်းယောင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ ဆရာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိုင်းယောင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆွမ်းဆန်အဖြစ် ဆက်ကပ်လှူဒါန်းသည့် ဆန်(၂၁)အိတ်၊ ဆီ(၂၄၅၀)ပိဿာ၊ ပဲ(၄၉)ပိဿာနှင့် ဆားထုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဦး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးပွားမောင်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှူး ဦးညီညီဝေနှင့် ဌာနဆိုင်ရာတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်အရှင်သူမြတ်တို့ထံမှ ရေစက်သွန်းချ အမျှပေးဝေပြီး တရားတော်များကို နာယူခဲ့ကြကြောင်း သိရသည်။
အားချာ