ညောင်ဦး ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်းချနေကြပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် တောင်ဖက်တန်းကျေးရွာ ပဲတီ စိမ်းစိုက်ပျိုးတောင်သူ ဦးညိုမင်းထံကသိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပဲတီစိမ်းကြဲပက်စိုက်ပျိုးခြင်းအား မေ လနှင့်ဇွန်လတို့တွင် စတင်ကြဲပက်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် အဖူး၊ အပွင့်စတင်ပွင့် အသီးသီးကာ ဆယ်ငါးရက်ခန့်အကြာတွင် အသီးများရင့် ပြီးခူးဆွတ်အစေ့ထုတ်ကာ ပခုက္ကူမြို့ရှိ ပဲပွဲရုံများသို့သွားရောက်ရောင်းချကြသည်။ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ကာ မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက် ပျိုးတောင်သူများ အပင်များသန်မာ ထွားကျိုင်းပြီးအသီးသီးနှုန်းလည်း အထူးကောင်းမွန်ကာ ပဲတီစိမ်းစေ့များ အောင်မြင်ကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူ ဦးညိုမင်းက ပြောသည်။
ပဲတီစိမ်းတစ်တင်းလျှင် ၃၈၀၀ ကျပ်ရောင်းချရကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်းဖြစ်ကာ ပဲတီစိမ်းအထွက်လည်း ကောင်းကြောင်း၊ ပဲတီစိမ်း ဆွတ်ခူးရာတွင် အလုပ်သမားတစ်ဦး တစ်ရက် ၃၀၀၀ ကျပ် ပေးရပြီး တစ်ဧကစိုက်ခင်းတစ်ခင်း အလုပ်သမား ၁၀ ဦး၊ ၁၂ ဦးခန့် ဆွတ်ခူးကြရကာ စတင်စိုက်ပျိုးချိန်က ထွန်စက်ထွန်ယက်ခ တစ်နာရီ ၂၂၀၀၀ ကျပ်၊ ထွန်ရှဉ်းထွန်ခ တစ်မနက် ၉၀၀၀ ကျပ်ပေးရကြောင်း၊ ယခုနှစ် ပဲတီစိမ်း အထွက်နှုန်းကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုး တောင်သူများ အဆင်ပြေနေကြောင်း သိရသည်။
ပဲတီစိမ်းစိုက်ခင်း စိုက်ပျိုးသိမ်းပြီးချိန် ပဲတီစိမ်းရွက်များသည် စိုက်ခင်းအတွက်မြေဆီ မြေနှစ်အင်မတန်ကောင်းမွန်သည့်အတွက် လာမည့်နှစ်စိုက်ပျိုးချိန် စိုက်ပျိုးသီးနှံများ အတွက်လည်း မြေဩဇာကောင်းကြောင်း ညောင်ဦးမြို့နယ် ပန်းကုန်းပင်ကျေးရွာ ပဲတီ စိမ်းစိုက်ပျိုးတောင်သူ ဦးစိုးအောင်၏ ပြောကြားချက်အရ သိရသည်။
ကိုထိန်၊KPD