လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၇၆)ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ

တာချီလိတ်    ဩဂုတ်  ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ   ဝမ်ပုံဆိပ်ကမ်း၌  လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့်  ကြုံတွေ့နေရသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၇၆)ဦးကို ယမန်နေ့၊  မွန်းလွဲ(၂)နာရီအချိန် က တာချီ လိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေ:စွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ  လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၂၇၆)ဦးအား  တာချီလိတ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူ အမျိုးသား(၂၈)ဦးနှင့်အမျိုးသမီး (၉)ဦး စုစုပေါင်း(၃၇)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး   ကျန်ပြည်သူ(၂၃၉)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ   Negative အဖြေထွက်ရှိခဲ့သည်။

ပိုးတွေ့ရှိသည့်နေရပ်ပြန်ပြည်သူ(၃၇)ဦးကို မိုင်းကိုး၊ အထကကျောင်းနှင့် ဝမ်လုံ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။

လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၇၆)ဦးမှ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိသည့်နေရပ်ပြန် ပြည်သူ(၂၃၉)ဦးအား  တာချီလိတ်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့် အဖွဲ့ဝင်များ၊  မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းတို့အား သက်ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက်  အခမဲ့မော်တော်ယာဉ်များစီစဉ်ပေးခြင်း၊  စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ ၊  ထောက်ပံ့ငွေများလှူဒါန်းပေးခြင်းနှင့်   နေရပ်ပြန်ပြည်သူများကို အားပေး စကားများ ပြောကြားခဲ့ကာ  လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး နေရပ်များသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)