ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များအား လားဟူဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေးနှိုးဆော်

ကျိုင်းလပ်      ဩဂုတ်      ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီ အချိန်တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နယ်မြေမီးသတ်စခန်းများမှပူးပေါင်း၍ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာကူးစက်ပြန့်ပွားလျှက်ရှိပြီး သေဆုံးမှုများ မြင့်မားလျက်ရှိကြောင်း ထိုသို့ကူးစက်ဖြစ်ပွားနေမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန်ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ကိုဗစ်- ၁၉ ရောဂါဆိုးကြီးကို အချိန်တိုအတွင်းကာကွယ်နိုင်မှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နေထိုင်စေရေးတို့ကို အသိပေးနှိုးဆော်ခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲနေအိမ်ပြင်ပသို့ထွက်ခွာခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျတပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှ ဧည့်သည်များလက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံသို့ မသွားကြရန်၊ သက်ကြီးရွယ်အိုများနှင့် အခြားရောဂါအခံရှိသူများအနေဖြင့် အထူးဂရုစိုက်ကြရန်၊ မကြာခဏလက်ကို ဆပ်ပြာနှင့်စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအချက်များကို စနစ်တကျလိုက်နာကြရန် ရှမ်းဘာသာ၊ လားဟူဘာသာတို့ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)