အောင်မြေသာစံ ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားရာ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိမရှိကို မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီကလည်း ၁၉လမ်း၊ ၅၇လမ်းနှင့်၅၈လမ်းကြားတွင် အထိုင်ဂိတ်ဖွင့်လှစ်၍ စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိမရှိတို့ကို စစ်ဆေးမေးမြန်းကာ လိုက်နာမှုမရှိသူများအား မလိုအပ်ဘဲနေအိမ်ပြင်ပသို့မထွက်ကြရန်၊ မဖြစ်မနေပြင်ပသို့ ထွက်ခွာပါက ပြင်ပထွက်ခွင့် ကတ်တစ်မျိုးမျိုး ယူဆောင်လာရန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကိုစနစ်တကျတပ်ဆင်သွားလာကြရန်၊ လူစုလူဝေးရှိသည့် နေရာများသို့ မသွားကြရန်နှင့် မိမိတို့နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်တို့ကို အသိပညာပေးပြောကြား၍ ပြည်သူများအားအသိပညာပေးခြင်းများ ဆောင်ရွက်ကြသည်။
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဈေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း ပြည်သူများက လိုက်နာဆောင်ရွက်မှုရှိစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)