မိုးမိတ် ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ကုန်စိမ်းနှင့် သားငါးယာယီဈေးနှင့် အုန်းကြောရွာသစ်တို့တွင် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာ၌ မြို့ပေါ်ရပ်ကွက်များတွင် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညပိုင်းတစ်ကြိမ် လှည့်လည်၍ နှိုးဆော်ပေးလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌ သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါရန်၊ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူ ကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်း များကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် နေ့စဉ်လှည့်လည်အသိပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။
မိုးမိတ်သား