မြစ်သားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မြစ်သား သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၈) နာရီအချိန်မှ ၁၀ နာရီအထိ  မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေးလက်ကမ်းစာစောင်များကို  မြစ်သားစျေးနှင့် ကူမဲစျေးတို့တွင် စျေးရောင်းစျေးဝယ်ပြည်သူများ လက်ဝယ်အရောက်ပေးဝေခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် ‘မဲစာရင်းတွင်သင့်အမည်ပါသလား’ လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့မှ သြဂုတ်လ (၁၄) ရက်အတွင်း မိမိရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သင့်အမည် ပါ/မပါ စစ်ဆေးပါ၊ မဲပေးနိုင်ဖို့အတွက် သင့်နာမည်ဟာ မဲစာရင်းတွင်ပါဝင်ရမယ်၊ ကိုဗစ်-၁၉ကြောင့် သင့်ရဲ့မဲပေးပိုင်ခွင့်ကိုမဆုံးရှုံးပါစေနဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကြံပြုချက်များကိုလိုက်နာပါ၊ သင်နှင့် အခြားသူများရဲ့ ကျန်းမာရေးကို ရှေးရှုလျက် လုံခြုံစွာနေထိုင်ပြီး သင့်နာမည် ပါ/မပါ သွားရောက်စစ်ဆေးပါ စသည့်အချက်များပါဝင်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် အတွက် လက်ကမ်းစာစောင် (၅၀၀) စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း မြစ်သားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များကို ပြည်သူများသိရှိနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ကော်မရှင်ဦးစီးအရာရှိ ဒေါ်ယဉ်မွန်ဖိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရင်းစစ် ဦးစီးအရာရှိ ဒေါ်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းနှင့်ဝန်ထမ်းများကပူးပေါင်း၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မဲစာရင်းတွင် မိမိအမည် ပါ/မပါ သွားရောက်ကြည့်ရှုပေးကြရန် အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆုမွန်(ပြန်/ဆက်)