သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ CERP အစီအစဉ်အရ ကျေးရွာများတွင် သင်တန်းများဖွင့်လှစ်

သီပေါ  သြဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေး သင်တန်း များဖြစ်သည့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းနှင့် ကျွဲ/နွား မွေးမြူထုတ်လုပ်သင်တန်းများကို ယမန်နေ့ နံနက်(၉) နာရီ အချိန် က ပန်မိတ်ကျေးရွာနှင့် နမ့်ရမ်းကျေးရွာတို့တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းများတွင် သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အုန်းအုန်းမြင့်က သင်တန်းများ ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များ၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု အကြောင်းအရာများ၊ သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို  ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် ကျွဲ/နွားမျိုးများ၊ မွေးမြူမည့်ခြံနေရာ ရွေးချယ်ခြင်း၊ ခြံဆောက်လုပ်ခြင်း၊ မျိုးစပ်ခြင်းနှင့် မျိုးပွားခြင်းဆိုင်ရာ အချက်အလက် များ၊ ကျွဲ/နွား သားဖွားခြင်း၊ ကျွဲ/နွား ကလေးပြုစု စောင့်ရှောက်ခြင်း၊ အစာရေစာကျွေးခြင်း၊  ကျွဲ/နွားများတွင် ဖြစ်ပွားတတ်သော ရောဂါ များနှင့် ကာကွယ်ဆေး ထိုးခြင်းများ၊ မေထုန်မဲ့ သားစပ်ခြင်း စသည့်သင်ခန်းစာများကို ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းတစ်ခုစီ တွင် သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးစီဖြင့် စုစုပေါင်း(၄၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ ပြန်/ဆက်)