ရန်ကင်း သြဂုတ် ၈
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီမှစတင်ကာ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ရန်ကင်းမိုးကောင်းဘုရား စေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံရှိ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေး ထိုးနှံမှုအခြေအနေ များကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှု့အားပေးဆောင်ရွက် ခဲ့ကြကြောင်းလည်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအုပ်စုများ အလိုက် ကာကွယ်ဆေးကိုထိုးနှံပေးခြင်းဖြစ်ပြီး ပထမအသုတ်အား သြဂုတ်လ(၁)ရက်နေ့မှ သြဂုတ်လ(၃) ရက်နေ့ အထိ ရန်ကင်းမြို့နယ် အသက်(၆၅)နှစ်အထက် အဘိုးအဘွား များ(၈၀၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒုတိယအသုတ်အား သြဂုတ်(၆)ရက်၊ သြဂုတ်လ(၇)၊ သြဂုတ်လ(၉)ရက် နေ့များတွင်ဆေးထိုးရန်ကျန်ရှိသည့် သက်ကြီးဘိုးဘွားများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးမှာ ဖြစ်ကြောင်းနှင့် တစ်နေ့လျှင်လူဦးရေ(၃၀၀)ဦးဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး