မိုးကုတ်မြို့ကျောက်လုပ်ကွက်ဟောင်း ဂဲတွင်းလူးလက်ကြားတွင် လူ (၂) ဦး ပိတ်မိသေဆုံး

မိုးကုတ် ၊ ဩဂုတ် ၁၃

မိုးကုတ်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ကျောက်ပြသာဒ်ကျေးရွာ၊ လုံလျိုကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတွင် ယမန်နေ့ ညနေ ၃ နာရီခန့်အချိန်က ဂဲတွင်းလူးလက်ကြားတွင် တွင်းသားအချို့ ပိတ်မိမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှ  တွင်းအနက် (၂၅၀)ပေခန့်ရှိ လူးလက်ကြားတွင် ကျောက်မျက်ဝင်ရောက်တူးဖော်‌နေစဉ် တွင်း၏ဘေးဘက်မှ ရေ၊ ရွှံ့မှုံနှင့် ကနယ်များ တွင်းပေါက်၍၀င်ရောက်လာခဲ့ရာ တွင်းအတွင်းရှိ နေသူ ၇ ဦး အနက် ၅ ဦးမှာ ပြန်ထွက်လာနိုင်ခဲ့ပြီး ၂ ဦးမှာ ရွှံ့မှုံ၊ ကနယ်များဖြင့် ပိတ်မိကျန်ခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမိုးဦး၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ဦးစီးမှူး ဦးနန္ဒထွန်းနိုင် ဦးစီး၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး (မိုးကုတ်)အဖွဲ့နှင့်ပြည်သူများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကယ်ဆယ်ရေးဖွဲ့၏ရှာဖွေမှုအရ ပိတ်မိနေသူ ၂ ဦးအား အသက်မဲ့စွာ ဖော်ထုတ်ရရှိခဲ့ပါသည်။ အဆိုပါသေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 ဖြိုးမမ (မိုးကုတ်)