ကျိုင်းတုံ ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ နောင်ရှဲန်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ဆက်စပ်ခဲ့၍ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စု ၁၂၀ အတွက် စားသောက်ကုန်များကို ဩဂုတ် ၆ ရက် က ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဝင်များ သွားရောက် ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ကတ်ထိုက် ကျေးရွာ အုပ်စု၊ နောင်ရှဲန် ကျေးရွာရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စု တစ်စုလျှင် ကြက်ဉ(၂၀)လုံး၊ ဆီ(၁)ဗူး၊ ကြက်သွန်နီ (၁)ပိဿာ၊ ငါးသေတ္တာ(၂)ဗူး နှုန်းဖြင့် အိမ်ထောင်စု (၁၂၀)အတွက် ထောက်ပံ့ပေးအပ်ရာ ကတ်ထိုက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းမုန့်လုံး ကလက်ခံရယူပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များနှင့်အညီ အဆိုပါအိမ်ထောင်စုများထံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နောင်ရှဲန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးသည် ဩဂုတ် ၂ ရက်က ဖျားနာ ဝေဒနာဖြင့် ပျံလွန်တော်မူခဲ့သည့်အတွက် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ အဆိုပါကျေးရွာမှ ဆရာတော်နှင့်ထိတွေ့နီးစပ်ခဲ့သည့် အိမ်ထောင်စု ၁၂၀ အား အသွားအလာကန့်သတ် ထားရှိထားခြင်းဖြစ်ပြီး တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမားရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်