မုံးကိုး သြဂုတ် ၇
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသက်(၆၅) နှစ်အထက်ရှိ အဘိုးအဖွားများကို ယမန်နေ့ နေ့လည်၁၂:၀၀နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မုံးကိုးမြို့အမှတ်(၉၉၁)နည်းဗျူဟာက ဆေးဗိုလ်ကြီး(၃)ဦး၊ ဆေးသူနာပြု(၂)ဦးက ကာကွယ်ဆေး စနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးသည်။
ထို့ပြင်စာရင်းဇယားမှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၁၄၀))ဦးထိုးနှံပေး ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းဇော်ဦး(မုံးကိုး)