တံတားဦးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

တံတားဦး ဩဂုတ် ၁၃

ကျောက်ဆည်ခရိုင်တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိ ပညာပေးဟောပြေပွဲကို ယမန်နေ့နံနက် (၁၁) နာရီက တံတားဦးနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောရာတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသိရှိပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ကျောက်ဆည်ခရိုင် အမှတ် (၉၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု ရဲတပ်ကြပ် သန်းနိုင်ဦးက   ယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန် တပ်ဆင်စီးနင်းကြရန်နှင့် ဆိုင်ကယ်ရှေ့အောက်မီးကို နေ့/ညဖွင့်၍ မောင်းနှင်ကြရန် ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ်ဥပဒေအကြောင်းအရာများနှင့် တံတားဦး မြို့မရဲစခန်းမှ  ရဲအုပ်ဘုန်းကျော်နိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့်လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)