မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သော စေတနာ့ ဝန်ထမ်း များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မော်လမြိုင် ဩဂုတ် ၁၃

မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းစဉ်များ တွင် ပါဝင်ခဲ့သော စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူငယ့်ရေးရာဥက္ကဋ္ဌ ဒေါက်တာထိန်းလင်း တက်ရောက်ချီးမြှင့် သည်။

အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်းလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “မွန်ပြည်နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် လူငယ့်ရေးရာ ကော်မတီနှင့်အတူ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းများကို ကျေးဇူး တင်ရှိကြောင်း စေတနာ့ဝန်ထမ်းများသည် ဧပြီလ ၁၁ ရက်နေ့မှစ၍ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန် တွင်လေးလရှိပြီ ဖြစ်သော်လည်း တက်ကြွစွာဆောင်ရွက်နေတာကို တွေ့ရှိရကြောင်း ယခုအလုပ်သည် အခြားသောအလုပ်များ နှင့်မတူဘဲ အချိန်ပေးကာ အသက်အန္တရာယ်ကြားမှ ပါဝင် ကူညီဆောင်ရွက် ရပါကြောင်း အင်မတန်ခက်ခဲ သည့် အလုပ်ဖြစ်သော်လည်း စေတနာ့ဝန်ထမ်းများဟာ အားတက်သရော စွမ်းဆောင်နိုင်ကြ၍ ဂုဏ်ပြုလို သော ဆန္ဒဖြင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့မှာ ဂုဏ်ပြုဖို့စီစဉ်ရတာ ဖြစ်ကြောင်း အနာဂါတ်မှာလည်း အများနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များတွင် ယခုလိုပဲ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါ ကြောင်း” ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်လူငယ့်ရေးရာကော်မတီဒုဥက္ကဋ္ဌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကိုကိုနိုင် က ဂုဏ်ပြုစကားပြောကြားပြီး စေတနာ့ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည် ပြောကြား ကာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)