ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း တိုင်းဘက်စုံမွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှု

ခိုလမ်  သြဂုတ်   ၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိတို့သည် ယနေ့နံနက်(၈)နာရီက လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ရပ်ကွက်(၂)ရှိ သောက်သုံးရေကန်နှင့် ရပ်ကွက်(၁)ရှိပန်းခြံနှင့် မြို့တော်ခန်းမတည်ဆောက်မည့် နေရာအား သွားကြည့်ရှုရာ ခိုလမ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဘက်စုံမွေးမြူရေးခြံတွင် မွေးမြူထားသော ဝက်မွေးမြူရေးခြံ၊ ဥစားကြက် ခြံ၊နို့စားနွားခြံအစာစပ်ရုံနှင့် ဒေသကြက်မွေးခြံ၊ ငါးမွေးမြူရေးကန်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးအားကစားတည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှု ကြကြောင်းသိရသည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသော သဘာဝ ဘေးအန္တရာယ်ကာကွယ် ရေးနှင့် ကိုဗစ်-၁၉ ရောဂါကျဆင်းရေး ညှိနှိုင်းအစည်းအဝေး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါကျဆင်းရေးနှင့် ပတ်သက်၍ မှာကြားချက် များကို ထပ်ဆင့်ရှင်းလင်းရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူများ အမည်စာရင်းမကျန်ရအောင် သက်ဆိုင်ရာအကြီးအကဲ များကတာဝန် ယူဆောင်ရွက်ပေးရန်၊ ကာကွယ်ဆေးများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ရရှား၊ အိန္ဒိယနိုင်ငံတို့ကိုမှာယူပြီး မြန်မာနိုင်ငံ၌ နှစ်ကုန်ပိုင်းလောက်တွင်လူဦး (၅၀)ရာခိုင်နှုန်းဆေးထိုးနှံပြီးမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးတွင်လည်းမိမိတို့ ဒေသ၌ ဖြစ်ပွားတတ်သော သဘာဝဘေးများကို ကြိုတင်ပြင်ဆင်ထားရန်၊ ရုတ်တရက်ဖြစ်လာပါက မည်ကဲ့သို့ဆောင်ရွက်ရမည်ကို မသိသောကြောင့် ကြိုတင်ပြင်ဆင်ထားရန်လိုပါကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း လိုအပ်ချက်မရှိအောင် ခေါ်ယူကြိုတင်ညှိနှိုင်းမှုများ ဆောင်ရွက်နေပါ ကြောင်း၊ အရှေ့အလယ်ပိုင်းတိုင်းတွင်လည်း သဘာဝဘေးဖြစ်တတ်သည့်အတွက် ဤဒေသရှိ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာအရာရှိများလည်း သိရှိနိုင်ရန်မှာကြားလိုက်ပါကြောင်း ၊ ရှမ်းပြည်နယ်တွင် ရေကြီးမှု မရှိသော်လည်း မိုးတွင်းကာလဖြစ်သည့်အတွက် မြေပြိုမှုသာရှိပြီး လမ်းပန်းဆက်သွယ်မှု အခက်အခဲမရှိစေရန် ကြိုတင်ပြင်ဆင် ထားရန်လိုပါကြောင်းပြောကြားသည်။

၎င်းနောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်လှမိုးက သဘာဝ ဘေးအန္တရာယ် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး အခမ်းအနား တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ဒေသဖွံ့ဖြိုးရေးအတွက် လဲချား-ခိုလမ်လမ်း၊ ၃၁/၄မိုင်အား ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် သွားရောက် ကြည့်ရှုရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသူရဇော်မှ လဲချား-ခိုလမ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။

အဆိုပါ ခိုလမ်- လဲချားလမ်းသည် ခိုလမ်မြို့မှ လဲချားမြို့သို့ သွားရောက်ရာတွင် နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ကို ဖြတ်သန်းသွားလာမှုမှ ရှောင်ရှားနိုင်ခြင်း၊ အချိန်တိုအတွင်း တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်သွားလာနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေးနှင့်အုပ်ချုပ်ရေးအတွက် များစွာ အထောက်အကူပြုပြီး အချက်အချာကျသည့်လမ်းကြောင်းတစ်ခုဖြစ်ပေါ် လာနိုင်ခြင်း၊ လဲချား- ခိုလမ်လမ်းပေါ်ရှိ လဲချားမြို့ ရပ်ကွက်(၅)ရပ်ကွက်နှင့် ဝမ်ဆန်း၊ ဟဲဆိုင်၊ နော်ကော်၊ နားမန်း၊ နားပွဲ ၊ တုန်ဟုန်း ကျေးရွာအုပ်စု(၆)စု၏ ကျေးရွာပေါင်း(၃၆)ရွာ စုစုပေါင်းအိမ်ခြေ(၄၄၆၃)စု၊ လူဦးရေ (၂၇၀၉၄)ဦးအတွက် တိုက်ရိုက်အကျိုးပြုပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုလည်း ဆက်သွယ်ပေး၍ ဒေသခံပြည်သူများ၏ ဒေသဝမ်းစာဖုံလုံနိုင်ရန်နှင့်ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့နိုင်ရန် လမ်းဖြစ် ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)