ကွတ်ခိုင် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် မဲဆန္ဒရှင်များ၏ စာရင်း များ ပြည့်စုံမှန်ကန်ရေး၊ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် သတ်မှတ်ရက်အတွင်း ပြည်သူများ အချိန်မီ မဲပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မူဆယ်ခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ဦးစံနော်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများက ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ပြုစုထားရှိသည့် မဲဆန္ဒရှင်စာရင်းများတွင် အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်မှု ရှိ/ မရှိ၊ နိုင်ငံသားစိစစ်ရေးကပ်ပြားပါ အချက်အလက် မှန်ကန်မှုရှိ/မရှိ၊ မဲစာရင်း၌ အမည် (သို့မဟုတ်) နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ မှားယွင်းမှု ရှိ/မရှိ၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးသည်။
“၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင် ပြည်သူများတွေရဲ့ အမည်စာရင်းတွေ ပြည့်စုံ မှန်ကန်စေဖို့၊ မဲပေးခွင့်ရှိတဲ့သူတိုင်း မဲပေးခွင့် မဆုံးရှုံးစေဖို့နဲ့ သတ်မှတ်ရက်အတွင်း အချိန်မီမဲပေးနိုင်ဖို့အတွက် ကွင်းဆင်းစစ်ဆေးတာဖြစ်တယ်”လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆက်လက်ပြီး ထုတ်ပြန်ထားရှိသည့် မဲဆန္ဒရှင်စာရင်းတွင် ပြည်သူများ၏ အမည်စာရင်းများ မပါရှိပါက ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တွင် ဖြည့်စွက်၍ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ အချိန်နှင့် တစ်ပြေးညီ ပေးပို့ဆောင်ရွက် သွားရန်နှင့် သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက် သွားရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တိုက်တွန်းမှာကြား ခဲ့ကြောင်း သိရသည်။
မိုင်းဘဉာဏ် (ပြန်/ဆက်)