ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ကလေးငယ်များအတွက် Online ပုံပြင်ဖတ်ပြခြင်းအစီအစဉ်ကျင်းပ

ပျော်ဘွယ် သြဂုတ် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပုံပြင်ဖတ်ပြခြင်းအစီအစဉ်ကို စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ကလေးငယ်များ အတွက် လူမှုကွန်ယက်မှတစ်ဆင့် ကြည့်ရှုနားထောင်စေခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီက "ပလတ်စတစ်အိတ်ကလေး၏ခရီးစဉ်"ဟူသောခေါင်းစဉ်ဖြင့် ပုံပြင်ဖတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ကျွန်မတို့အနေနဲ့ ကိုဗစ်-၁၉ ကာလအတွင်းမှာ စာကြည့်တိုက်ကိုမလာနိုင်တဲ့ကလေးသူငယ်တွေ အိမ်မှာနေရင်းကြည့်ရှုနားထောင်လို့ရအောင် ရည်ရွယ်ပြီးတော့ ပုံပြင်ဖတ်ခြင်းအစီအစဉ်ကို အပတ်စဉ်ပြု လုပ်ပြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်လို့အမည်ပေးထားတဲ့ လူမှုကွန်ယက်မှတစ်ဆင့် လွှင့်တင်ပေးနေတာဖြစ်ပါတယ်"ဟု မြို့နယ်ရုံးရှိ စာကြည့်တိုက်မှူး ဒေါ်မေစောမွန်က ရှင်းပြသည်။

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အနေဖြင့် ကလေးများအတွက် ပုံပြင်ဖတ်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်းတို့ကို အပတ်စဉ်တင်ဆက်ပေးနေသည့်အပြင် ဆပ်ပြာဆီပြုလုပ်နည်း၊ ပန်းအလှထိုးနည်းနှင့် မုန့်လုပ်နည်းများ စသည့်အစီအစဉ်များကိုလည်း အပတ်စဉ်သတ်မှတ်နေ့ရက်များအလိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့စာကြည့်တိုက် Page များတွင် လေ့လာသိရှိ နိုင်ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)