ပင်းတယ သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်လိုက် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို ဇူလိုင်လ(၃၀)ရက်နေ့ မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ပင်းတယမြို့နယ်တွင် ဓနုမြေဘိုးဘွားရိပ်သာ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၊ ပွေးလှမြို့ မြို့အေးဘုန်းတော်ကြီးကျောင်း၊ ကျုံးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ညောင်ကောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် လည်းကောင်း၊ ရွာငံမြို့နယ်တွင် ဗထူးခန်းမ၊ မြိုင်ကျေးရွာ၊ မြင်ကျဒိုးကျေးရွာနှင့် မြို့ကြီးကျေးရွာတို့၌ သတ်မှတ်ဇုံများခွဲ၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံခြင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်ရှိမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဦးစားပေးအဆင့်အလိုက် ပင်းတယမြို့နယ်တွင် (၂၈၂၀)ဦး၊ ရွာငံမြို့နယ်တွင် (၂၇၀၄)ဦး, စုစုပေါင်း(၅၅၂၄)ဦး ထိုးနှံပြီးကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနေဖြင့် ယခုထိုးနှံပေးသည် Sinopharm ဆေးအမျိုးအစားကို ဆေးပုလင်း(၂၇၆၂)လုံး ခွဲတမ်းရရှိခဲ့ပြီး ဓနုဒေသများဖြစ်သည့် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိအသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး အစီအစဉ်အလိုက် ဒေသခံပြည်သူများအား ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အောင်ကိုဦး