မိုင်းယောင်းမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်

မိုင်းယောင်း ဩဂုတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းညိုက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထ သုံးလ ပတ်တွင် ဆောင်ရွက်မည့် ဈေးလမ်းကွန်ကရစ်ခင်းခြင်း အိတ်ဖွင့်တင်ဒါခေါ်ယူရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာနှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုး တို့က အရှည် ၃၄၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၁ ပေရှိ ဈေးလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ(GRE) ၃၆ ဒသမ ၁ သန်းဖြင့် ဆောင်ရွက်မည့် ယင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူရေး လုပ်ငန်းကော်မတီက လုပ်ငန်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ခဲ့ရာ ရှဲန်ရွက် ကုမ္ပဏီက ၃၅ ဒသမ ၄၁၅ သန်းဖြင့် တင်ဒါအောင်သွားပြီး ယခုလနောက်ဆုံးပတ်တွင် လုပ်ငန်းစတင် သွားမည်ဖြစ်ကြောင်း သိရ သည်။

စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)