ဟိုပုံး သြဂုတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ဟိုပုံးမြို့နယ်၊ ပင်လောင်း မြို့နယ်၊ဆီဆိုင်မြို့နယ်များတွင် မြို့နယ်များအလိုက် ရရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Sinopharm အား ပထမအကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွက်ရရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေး ၁၈၅၁ လုံးအား ဇူလိုင် ၃၀ ရက် မှစတင်ထိုးနှံခဲ့ရာ သြဂုတ် ၄ ရက် မွန်းတည့် ၁၂ နာရီတွင် ကာကွယ်ဆေး အားလုံးထိုးနှံပြီး ဖြစ်ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဦးစားပေးအစီစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဟိုပုံးဆေးရုံတွင် ၁၃၈၄ ဦး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ၁၂၃၈ ဦး၊ နမ့်ခုတ်ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ၄၆၀ ဦး၊ စံဖူးကျေးလက်ကျန်းမာရေးဌာနခွဲတွင် ၃၀၀ ဦး၊ ကျောက်တန်းကျေးလက်ကျန်းမာရေးဌာနခွဲတွင် ၂၈၀ ဦး၊ မိုင်းပျဉ်းကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ၄၀ ဦး ၊ စုစုပေါင်း ၃၇၀၂ ဦး တို့ကို ပထမအကြိမ် ထိုးနှံပေးပြီ: ဖြစ်ကြောင်းသိရသည်။
အလားတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင် ၃၀ မှ သြဂုတ် ၆ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုးနှံပေးခဲ့ရာ ပင်လောင်း အ.ထ.က (၂)တွင် ၂၅၈၈ ဦး၊ နောင်တရား အ.ထ.က တွင် ၈၆၀ ဦး၊ တီကျစ် အ.ထ.က တွင် ၁၀၅၉ ဦး၊ ပေါင်းလောင်း တလိုင်းမ အ.ထ.က တွင် ၁၀၈၃ ဦး၊ ဆောင်းပြောင်း အ.ထ.က တွင် ၄၈၄ ဦး၊ စုစုပေါင်း ၆၀၇၄ ဦးတို့အား ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုက်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင်လည်း အသက် ၆၅ နှစ်အထက်နှင့် ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံခြင်းကို ဆီဆိုင်မြို့နယ်ခန်းမ၊ ဆိုက်ခေါင် အုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန်ကျောင်းတိုက်၊ ဘန်းယဉ်ဘုရားကိုးဆူ ဓမ္မာရုံတို့တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဇူလိုင် ၃၁ မှ သြဂုတ် ၆ ရက်ထိ စုစုပေါင်း ၅၃၀၆ ဦးတို့အား ပထမအကြိမ် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်သုံးမြို့နယ်တွင် မိဘပြည်သူ ၁၅၀၈၂ ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်းကို သက်ဆိုင်ရာ မြို့နယ်ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီများမှ သိရပြီး ဆက်လက်ထိုးနှံ ပေးသွားမည့် အစီအစဉ်များကိုလည်း ထပ်မံကြေငြာပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်အိအိသန်း