တောင်ကြီး ဩဂုတ်လ ၇
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ထားသည့်ကာလအတွင်း ပြည်သူများ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု ရှိ/မရှိနှင့် အိမ်အပြင်ထွက်ပါက သတ်မှတ် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ခရိုင်နှင့် မြို့နယ်ပူးပေါင်း စစ်ဆေးရေး အဖွဲ့တို့သည် ယမန်နေ့ညနေပိုင်းက အဖွဲ့များခွဲကာ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့များရှိ ဈေးများ၊ လမ်းဆုံများတွင် လှည့်လည်စစ်ဆေးခဲ့ပြီး သတ်မှတ်စည်းကမ်း မလိုက်နာသူများအား အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် တောင်ကြီးခရိုင် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ခရိုင်ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့် တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့သည် Stay at Home အစီအစဉ်တွင် ပါဝင်သော တောင်ကြီးမြို့နယ်အတွင်းသို့ အခြားမြို့နယ်များမှ ပြည်သူများ နယ်မြေကျော် ဖြတ်သန်းခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံ ဆေးခန်းပြသခြင်း တို့အတွက် နေအိမ်ပြင်ပထွက်ခွာသွားရောက်ပါက နယ်မြေဖြတ်သန်းခွင့် ကတ်ပြားများ၊ ဝန်ထမ်းများကဝန်ထမ်းကတ်ပြားများ တစ်ပါတည်းယူဆောင်၍ Stay at Home ကာလ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာမှုရှိ/မရှိကို တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံရှေ့၊ Ocean ရှေ့၊ အနောက်မြို့ပတ်လမ်း၊ နဂါးပွက်ကျောင်းမီးပွိုင့်၊ သုံးလမ်းဆုံ (မြင်းရုပ်အနီး)၊ အေးသာယာဈေးရှေ့၊ ရွှေညောင်ဈေးရှေ့တို့တွင် စစ်ဆေးခဲ့ရာ တောင်ကြီးမြို့မှ (၁၃)ဉီးနှင့် အေးသာယာမြို့မှ(၃)ဉီး၊ စုစုပေါင်း(၁၆)ဉီးတို့သည် နေအိမ်ပြင်ပ ထွက်ခွါသွားလာပါက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းနှင့် တောင်ကြီးခရိုင်အတွင်း Stay at Home သတ်မှတ်ထားသည့် နယ်မြေအတွင်း ထုတ်ပြန်ကြေညာချက်များနှင့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများအား လိုက်နာမှုမရှိသူ(၂၁)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်