ထန်းတပင်(ရန်ကုန်) သြဂုတ် ၁၂
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအား ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးတို့ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ်လ (၁၂) ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၂၅၂၇၆)စုတို့ အတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ်(၂ဝဝဝဝ)နှုန်းဖြင့် ငွေကျပ်စုစုပေါင်း (၅ဝ၅၅၂ဝဝဝဝ) ကို ရပ်ကွက်၊ ကျေးရွာ အုပ်စု(၅၉)အုပ်စုတို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများထံသို့ လွှဲပြောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာ အုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများကို ဆက်လက်ထောက် ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ပြီးခဲ့သည့် ဧပြီလပိုင်းမှ စတင်၍ အခြေခံ စားသောက်ကုန်ငါးမျိုးကို ပထမအကြိမ်အဖြစ် အိမ်ထောင်စု (၁၄၂၂၇)စု တို့အား လည်းကောင်း၊ ဒုတိယအကြိမ်မြောက်တွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စု (၁၁၀၄၉)စု အတွက် ငွေကျပ်သိန်း(၁၆၅၇၃၅၀၀၀)ကို လည်းကောင်း၊ တတိယအကြိမ် မြောက်တွင် အိမ်ထောင်စု (၂၅၂၇၆) စု တို့အတွက်ငွေကျပ်သိန်း (၅ဝ၅၅၂ဝဝဝဝ)နှင့် ယခုစတုတ္တအကြိမ်မြောက်တွင် အိမ်ထောင်စု (၂၅၂၇၆)စု တို့အတွက် စုစုပေါင်းငွေ ကျပ်သိန်း(၅ဝ၅၅၂ဝဝဝဝ)ကို လည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းထံမှ သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)