ကျောက်ဆည် ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အောင်သုခကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များ ပြည်သူများသိရှိစေရေး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်သုခကျေးရွာအုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက်(၈)နာရီခွဲအချိန်က အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နေအိမ်တွင်သာနေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်းအခြားသူများထံ သွားရောက် ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက် ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆေးကြော ခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူ ကြရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ခြင်းများကို အောင်သုခကျေးရွာ အတွင်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင်သံဃာတော်များ၊ အသက်(၆၅)နှစ် အထက် အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ထိုးနှံပေးလျက်ရှိရာ သွားရောက်ထိုးနှံကြရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး