မိုင်းယု ဩဂုတ် ၇
ရိုးသားလှတဲ့ ရှမ်းဌာနေလို့ပြောမလား။ ခေတ်နောက်ကောက်ကြခဲ့တဲ့ ဌာနေလို့ပြောရမလား။ သူတို့ရဲ့ စိတ်ထဲမှာ စွဲမက်နေတာက ငွေရှိရင် ရပြီ၊ စာတတ်စရာမလိုဘူး၊ လောကကို ရင်ဘောင်တန်းနိုင်တယ်လို့ အတွေးများ ရိုးစွဲနေတာလား။ အများအားဖြင့်တော့ ကျေးလက်တောင်သူတွေရဲ့ အတွေးအယူအဆတွေပေါ့။ ငွေရှိရင် အချို့အရာတွေသာ ရင်ဘောင်တန်းရင်တန်းနိုင်မယ် တစ်ချို့အရာတွေ့ကျ ဥာဏ်ပညာနဲ့ အသိပညာအတတ်ပညာ၊ ဗဟုသုတကြွယ်ဝမှ ကြိုတင်ကာကွယ်နိုင်တယ်လေ။
ကျေးလက်ပြည်သူတွေရဲ့အတွေးက အနာရှိရင်ဆေးရှိတယ်ဆိုတာ မှန်တယ်လို့မဆိုလို့ဘူး၊ ဆေးရှိရင် ငွေနဲ့ပေးဝယ်လို့ရတယ်လို့ မထင်လိုက်နဲ့၊ ယခု တစ်ကမ္ဘာလုံး ကူးစက်နေတဲ့ ကိုဗစ်-၁၉ရောဂါ၊ ကူးစက်နေတာ တောက်တောက်လဲပဲ၊ သေနေတာလဲ သောင်းချီနေပြီ။ အဲသေတဲ့ထဲမှာ ဆင်းရဲချမ်းသာလူတန်းစားမရွေး အကုန်ပါတယ်။ ငွေရှိလို့ ဒီရောဂါကို မကြောက်ပါဘူး၊ ငွေမရှိလို့ သေရင်သေပါစေလို့လည်း အတွေးမဝင်မိ စေချင်ဘူး။
ကျွန်တော်တို့ မိုင်းယုမှာ ကိုဗစ်ပိုးတွေ့လူနာတွေ ယနေ့အထိများလာပါတယ်။ အခုတောင် ၃၀ ကျော်နေပြီလေ။ လူငယ်လူရွယ်နဲ့ လူလတ်တန်းစား၊ ကလေးတွေပဲ ကူးစက်နေလို့၊ ခုခံနိုင်စွမ်းအရွယ်ဖြစ်နေလို့၊ ရောဂါကူးစက်တာ အဲလောက်လဲမဟုတ်ပါဘူးကွာလို့ မထင်ပါနဲ့။ ကိုယ်ခံအား အပြည့်အဝမရှိတော့တဲ့ သက်ကြီးဘိုးဘွားတွေထဲကသာဖြစ်မယ်ဆိုရင် ငွေကြေးဘယ်လောက်ပဲလိုက်လိုက်၊ အောက်စီဂျင်အိုး သိန်းချီ၊ သန်းချီပဲဝယ်သုံးပါစေ၊ စက်ကိရိယာ အဆင့်မြင့်မြင့် အကောင်းစားတွေ သုံးခဲ့ရင်တောင် ဒီရောဂါက အသက် တစ်ချောင်းကို ရက်ပိုင်းအတွင်း နုတ်ယူသွားမှာပါ။
ဒါကြောင့် အနာရှိရင်ဆေးရှိတယ်၊ စာမတတ်လည်း ငွေရှိရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ အတွေးမျိုး မတွေးစေချင်ဘူး။ ငွေကြေးပြည့်စုံလည်း ပညာမတတ်၊ အတွေးခေါင်ပြီး သူတစ်ပါးက ဒါလုပ်ရင် လိုက်လုပ်မယ်၊ သူတို့ပြောနေတာတွေ၊ ဟောနေတာတွေ၊ ဆော်ဩနေတာတွေ၊ ပညာပေးနေတာတွေကို ဂရုမစိုက်ပဲ၊ အလကား လျှောက်လုပ်နေတာပဲ အပေါ်ယံပဲလိုက်လုပ်လိုက်မယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။
အဲဒီ ပညာပေးတာတွေ၊ ဟောနေတာတွေ၊ စည်းကမ်းထုတ်နေတာတွေက အသိပညာဗဟုသုတ ကြွယ်ဝသူအတွက် နားလည်နေပင်မဲ့ ကျေးလက်က ပညာမသင်ခဲ့ဖူးတဲ့ ပြည်သူတွေ အတွက်ပဲဖြစ်ပါတယ်။ အဲတာကို ပြောရရင် “ကျွဲပါးစောင်းတီး”လို့ ထင်နေကြမယ်။ အဲ“ကျွဲပါးစောင်းတီး”ရတာကလဲ ဘာမှမသိ အတွေးအခေါ် နည်းပါးနေတဲ့ ကျေးလက်ကပြည်သူတွေအတွက် နားမလည်လို့ လာတီးပြနေတာပါ။ ထပ်ခါထပ်ခါ တီးပြနေမှာပါ။
၂၀၁၉ခုနှစ်၊ ကုန်ပိုင်းမှာ စပေါ်လာခဲ့တဲ့ ကိုဗစ်-၁၉ဟာ တရုတ်ပြည်နယ်၊ ဝူဟန်မြို့က စတင်လာခဲ့ပင်မဲ့ တရုတ်မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့လေးမှာတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ တတိယပတ်မှသာ စတင်ကူးစက်လာခဲ့ပြီး ရက်သတ္တပတ် သုံးပတ်အတွင်း အတည်ပြုလူနာ(၃၀)ဦးထိ ကူးစက်လာခဲ့ရပါတယ်။
သက်ဆိုင်ရာ မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌရဲ့ ကြီးကြပ်မှုနဲ့အဖွဲ့ဝင်တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့အခြားအဖွဲ့အစည်းတွေလည်း ပူးပေါင်းပြီး ဒီလို ပိုးတွေ့လူနာနဲ့ ထိစပ်တဲ့ ကွင်းဆက်တွေ၊ ဆက်စပ်လူနာတွေကို စာရင်းပြုစုပြီး Home Quarantine ထားတာတွေအပြင် ပိုးတွေ့လူနာတွေကိုလဲ ဆေးရုံယာယီဆေးကုသဆောင်ထားပြီး ဆေးကုသပေး လျက်ရှိပါတယ်။၊ ပိုးတွေ့ပြီး positive ဖြစ်ခဲ့တဲ့ ဝေဒနာရှင်များအနေနဲ့လဲ ဆေးရုံ၊ Facility Quaratineစတဲ့နေရာတွေမှာထားရှိပြီး ဆေးရုံဆင်းရင် မိမိတို့အိမ်မှာ Home Quarantine ဆက်လက်ဝင်ခိုင်း ပါတယ်။ Home Quarantineဝင်ခိုင်းပြီးသတ်မှတ်ရက်၊ စစ်ဆေးချက်တွေ့ကောင်းမွန်ပြီဆိုမှ အိမ်ပြင်ထွက်လို့ ရပါမယ်။ ပြည်သူတို့ ပိုးကူးစက်ခံရပြီဆိုနဲ့၊ ဒါမှမဟုတ် သံသယဖြစ်ပြီဆိုတာနဲ့ ပျောက်ကင်းသည်ထိ ကူညီဆောင်ရွက်ပေးတာဟာ မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌရဲ့ကြီးကြပ်မှုနဲ့ အဖွဲ့ဝင်တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပရဟိတအသင်းတွေ၊ ကြက်ခြေနီတွေပဲမဟုတ်လားဗျာ။
ဒီအဖွဲ့အစည်းတွေက လူတန်းစားမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမခွဲခြားပဲ သူတို့ရဲ့အသိပညာ၊ လူအား၊ အသက်နဲ့ ကိုယ့်မိသားစုအရေးတွေတောင် ခေါင်းထဲမထားပဲ ပြည်သူ့အတွက်သာ ဦးစားပေးပြီး သူတိုရဲ့အသိပညာ၊ အတတ်ပညာနဲ့ကိုယ်ရော စိတ်ပါပေးစပ်ထားတဲ့ အဖွဲ့တွေ့ရဲ့ ထုတ်ပြန်ချက်တွေ၊ စည်းကမ်းချက်တွေ၊ ကြိုတင်သတိပေးမှုတွေ၊ ဆော်ဩမှုတွေ၊ ဟောပြောမှုတွေဟာ သာမန်အတွေးနဲ့သာ ကြည့်ရင် အရေးမပါဘူး ထင်ကောင်းထင်နေမယ်။ ပေါ့ဆရင်ပေါ့ဆနေလိမ့်မယ်၊ ယခုလို ကူးစက်လာတော့ ကြောက်ကြတာလဲ ကျေးလက်ပြည်သူပဲ၊ ပြောရင်မလိုက်နာတာကလည်း သူတို့ပဲလေ။ ဖြစ်ကာမှ အမိတလိုမရသလို၊ မိမိတို့ကိုယ်တိုင်းလည်း လိုက်နာရမယ်၊ မသိတာရှိရင် တင်ပြရမယ်၊ မေးရမယ်၊ ကြိုတင်ဆောင်ရွက်ကြရမယ်မဟုတ်လား။
မိုင်းယုမြို့အတွင်း နေထိုင်ကြတဲ့ မိဘပြည်သူများအနေဖြင့် နေမကောင်းလျှင်ဖြစ်စေ၊ ချောင်းဆိုးလျင် ဖြစ်စေ၊ အနံ/အရသာ မရလျှင်ဖြစ်စေ၊ မိမိကိုယ်ကို သံသယ ဖြစ်လျှင်ဖြစ်စေ ဖော်ပြပါ နေရာတွင် စစ်ဆေးနိုင်ကြောင်း အသိပေးအပ်ပါတယ် မိုင်းယုပြည်သူ့ဆေးရုံ(fever clinic)၊ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီအထိ၊ ညနေ ၂ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပါတယ်။ မိဘပြည်သူများအနေဖြင့် ကိုဗစ်စစ်ဆေးသည့် နေရာများမှစစ်ဆေး၍ ကိုဗစ် (Positive )ကူးစက်မှု ရှိကြောင်း စစ်ဆေးတွေ့ရှိပါကလည်း ဖော်ပြပါ ကိုဗစ်ရောဂါ ကုသရေးစင်တာများတွင် ဆေးကုသမှုခံယူရမည် ဖြစ်ပါတယ်။ မိုင်းယုပြည်သူ့ဆေးရုံ(ယာယီဆေးကုသဆောင်)၊ မိုင်းယုမြို့၊ မြို့မရပ်ကွက်၊ ယာယီဆေးကုသဆောင်မှာ ကုသပေးနေပါတယ်။ မိုင်းယုမြို့၊ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်းရှိ ကိုဗစ်သံသယ လူနာများနှင့်ပတ်သက်၍ အကူအညီလိုအပ်ပါကလည်း ဖော်ပြပါဖုန်းနံပတ်များအား ဆက်သွယ်အကြောင်း ကြားနိုင်ပါတယ်။ ဦးအောင်ပြည့်ဖြိုး (မြို့ကိုဗစ်ကော်မတီ၊ဥက္ကဌ)- ၀၉-၈၉၈၀၄၆၆၆၄နှင့် ဒေါက်တာ ဟန်စိုး (မြို့ကိုဗစ်ကော်မတီ၊ အတွင်းရေးမှူး)-၀၉-၆၆၈၁၈၄၉၅၉စတဲ့ ဖုန်းနံပတ်တွေကို အရေးပေါ် အကူညီတောင်းခံ နိုင်ပါတယ်ဗျာ။
ကိုဗစ်က ၂၀၁၉ခုနှစ်၊ ကုန်ပိုင်းမှာ စဖြစ်ခဲ့ပေမယ့် ကမ္ဘာတစ်ဝှမ်းကို ကူးစက်နိုင်ခဲ့တဲ့ ရောဂါကြီး ဖြစ်ခဲ့တယ်။ အခု ၂၀၂၁ ခုနှစ်၊ ယနေ့တိုင်ထိ ပညာရှင်တွေက အဖြေရှာနေဆဲ။ အဖြေတစ်ခုတွေ့လို့ ကုသထိန်းချုပ်ကာကွယ်နိုင်မယ့် အခြေအနေမျိုးတွေထိ ရောက်ခဲ့သော်လည်း ကိုဗစ်-၁၉ဟာ ဆင့်ကဲ ပြောင်းလဲနိုင်တာကို ကျွန်တော်/မတို့တွေ သတိမမူခဲ့ကြတာ တွေရှိခဲ့ကြတယ်။
မိမိဒေသကို ချစ်တယ်၊ ကူညီစေချင်တယ်ဆိုရင်ပေါ့။ အခုလဲ ထပ်ပြီးတိုက်တွန်းချင်တာရှိတယ်။ အချင်းချင်းလဲ တိုက်တွန်းစေချင်တယ်။ ကိုဗစ်-၁၉ဟာ ကျွန်တော်တို့တွေ ပူးပေါင်းပြီး တွန်းလှန်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ကာလမှာ မိဘပြည်သူတွေကို အဓိက တောင်းဆိုချင်တဲ့အရာက ကျွန်တော်တို့(ဆရာဝန်/အုပ်ချုပ်ရေးဌာနဆိုင်ရာ)တွေကို တတ်နိုင်တဲ့ဘက်က ပေါင်းစပ်ကူညီပေးစေချင်တယ်။
ကျွန်တော်တို့တောင်းဆိုတာက မိဘပြည်သူကသာ အဓိကဖြစ်လို့ အကူအညီတောင်းခံရခြင်း ဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန့်ထားတဲ့ တတ်နိုင်သမျှ အိမ်ထဲမှာဘဲ နေပေးပါ။ အိမ်ကို ဧည့်သည် မလာစေပါနဲ့။ လက်မခံခဲ့လိုချင် သူတို့(ဆွေမျိုး)တွေက တစ်မျိုးထင်ချင်ထင်ပါလိမ့်မယ်။ ၂ မီတာ(သို့) (၆)အကွာကနေသာစကားပြောပါ၊ စားသောက်ဆိုင်နှင့် အလုပ်နေရာတို့တွင် ဝိုင်းဖွဲ့စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ လူစုလူဝေးလုံးဝ(လုံးဝ) ရှောင်ကြဉ်ပါ။ ကိုယ်လက်လှုပ်ရှားအားကစား များများလုပ်ပါ။ အိပ်ရေးဝဝအိပ်ပြီး အာဟာရပြည့်ဝ အောင်စားပါ။ အပြင်ထွက်လျင်မဖြစ်မနေ နှာခေါင်းစည်း (Mask)တပ် ပေးပါ။ လက်ကို စက္ကန့်(၂၀)အကြာ မကြာခဏလက်ဆေးပေးပါ။ ဈေးဝယ်မည့်သူကို တစ်ယောက်သာ သတ်မှတ်ပြီး ဈေးဝယ်ထွက်သည့် အကြိမ်အရေ အတွက်လျော့ချပါ။ မိမိကိုယ်တိုင်လည်း ကူးစက်မခံပါနဲ့။ မိသားစုနဲ့ အခြားပတ်ဝန်းကျင်းကိုလည်း မကူးစက်အောင် စနစ်တကျ နှာခေါင်းစည်း (Mask)တပ်ပေးပါစတဲ့ ထုတ်ပြန်ချက်တွေကို သဝေမသိမ်းလိုက်နားပေးစေချင်ပါတယ်။
အခုကာလမှာ အားလုံး ခပ်ခွာခွာ နေပေးစေချင်တယ်။ မိသားစုတိုင်းမှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ ရှိတာ သတိထားစေချင်တယ်။ ကျွန်တော်တို့က ကိုယ်ခံအားကောင်းလို့ တွန်းလှန် တိုက်ထုတ်နိုင်ပေမဲ့ သူတို့ကျ မတူပါဘူး။ လူကြီးပိုင်းတွေက စိတ်အားငယ်တတ်ကြတယ်။ ကလေးတွေကျ နားမလည်နိုင်ဘူး။ ကလေးငယ်တွေ အတွက် မိဘတွေဖြစ်တဲ့ ကျွန်တော်တို့က ဆင်ခြင်ပေး ကြရမှာပါ။အပြင်သွားခြင်းကို ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ ပြုမှုနေထိုင် ကြရမှာပါ။ သက်ကြီးသူမိဘ ဘိုးဘွားတွေ အတွက်ကျ ကျွန်တော်တို့က သားသမီး၊ မြေးမြစ်တွေ ဖြစ်တဲ့အတွက် သူတို့ဒီရောဂါကြီးကို မေ့သွားအောင်ထိ အဖော်ပြုပေးရမှာ ကျွန်တော် (သား/သမီး)တို့ တာဝန်ပါ။ သူတို့အားငယ်စိတ်မပေါ်စေရဖို့နဲ့ စိတ်အားမငယ်စေဖို့ သူ့အတွက် နောက်ဆုံးအချိန်ဖြစ်ခဲ့ရင်တောင် သူချစ်တဲ့ သူတစ်ယောက်ကို စောင့်နေနိုင်ဖို့၊ တွေ့နိုင်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်တွေလေ။
ဒီရောဂါကြီးက ကလေးသူငယ်၊ လူငယ်လူရွယ်၊ လူလတ်၊ လူကြီး၊ အသက်အရွယ်မရွေး ကူးစက် နိုင်တဲ့အတွက် မိဘပြည်သူများအနေဖြင့်ဆင်ခြင်ကြစေချင်တယ်။ အိမ်ထဲမှာနေဖို့ ကျွန်တော်တို့ တိုက်တွန်းတယ်။ ဒါပေမဲ့ မိဘ ပြည်သူတွေက ကျန်းမာရအတွက် အားကစားတော့ အိမ်တွင်းကနေ လုပ်ပေးစေချင်တယ်။ အိမ်ထဲအနေများရင် ညောင်းညာတာတွေ ကြုံရနိုင်လို့ပေါ့။
ကိုယ့်ကို အိမ်မှာနေခိုင်းတယ်၊ သူတို့ကျတော့ထွက်တယ်ဆိုတဲ့စိတ်လဲ မဝင်စေချင်ဘူး။ သက်ကြီးပိုင်း တွေကိုပေါ့။ အိမ်ထဲကနေ အပြင်ကို ဈေးဝယ်၊ဆေးဝယ်ဖို့အတွက် ကျန်းမာကြံ့ခိုင်တဲ့ သူတစ်ယောက်ကိုဘဲ ထွက်စေချင်တယ်။ ကျန်းမာကြံ့ခိုင်နေမှ ရောဂါကြီးကို တိုက်ထုတ်နိုင်မယ်လေ။ ဒီရောဂါက ကျွန်တော်တို့ရဲ့ ခံနိုင်စွမ်းကို စမ်းတဲ့ရောဂါဖြစ်တဲ့အတွက် ကျွန်တော်တို့က ကျန်းမာကြံ့ခိုင်သန်စွမ်းဖို့ ကြိုးစားကြရလိမ့်မယ်။
နောက်ဆုံးပြောချင်တာက မိဘပြည်သူတွေအနေနဲ့အိမ်ထဲမှာဘဲနေပေးကြပါ။ အပြင်ကကိစ္စ ကျွန်တော်တို့ရှိနေပါ့မယ်။ အခုအချိန်က စိတ်ဝမ်းကွဲကျလို့မရပါဘူး။ အချင်းချင်း ကူညီရိုင်းပင်းကြ၊ တစ်ယောက်နဲ့တစ်ယောက် ဖေးမ၊ ထောက်ပံ့၊ ကူညီကြပါမှ ဒီကပ်ဆိုးကြီးကို ကျော်နိုင်ကြမှာပါ။ ကျွန်တော် (မိဘပြည်သူနဲ့ ဌာနဆိုင်ကာတာဝန်ရှိသူတွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ)တို့ စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အဲဒီကပ်ဆိုး(ကိုဗစ်-၁၉)ကို တိုက်ထုတ်သွားနိုင်မှာဖြစ်ပါ တယ်။
အဓိကက မိမိကသာ အဓိကဖြစ်လို့ ကိုယ့်ကိုယ်ကို သံသယဝင်ခဲ့ရင် ကျန်းမာရေးဌာနတွေမှာ စစ်ဆေးမှုခံယူစေချင်တယ်။ ကိုယ်ကြောင့်နဲ့ ကိုယ့်ရဲ့မိဘ၊ ကိုယ့်ရဲ့သား/သမီး၊ ကိုယ်ဆွေမျိုးတွေကို မကူးစက်ခံရပါစေနဲ့။ သူတို့လဲ ဒီရောဂါကို ကူးခံချင်လို့၊ ပြန့်ပွားစေချင်လို့ဆိုတဲ့ စိတ်မရှိလို့ ကူးစက်ခံခဲ့ရသူတွေကိုလဲ ဒေသက လူငယ်တွေ၊ မိဘပြည်သူတွေက ကိုယ်တတ်ကျွမ်းတဲ့အပိုင်းကနေ သူတို့ စိတ်ခွန်အားတွေဖြည့်ဖို့ ကိုယ်ခံနိုင်စွမ်းတွေ ကိုယ်ကာယတွေ ကျန်းမာကြံ့ခိုင်စေတဲ့ အားကစားတွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ ကူညီပေးစေချင်တယ်။ ဥပမာ-စိတ်ဓာတ်ပိုင်း ကြံ့ခိုင်စေဖို့ ကိုယ်တတ်ကျွမ်းတဲ့ ဂီတ အနုပညာနဲ့ဖျော်ဖြေပေးစေချင်သလို၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေဖို့ ကိုယ်တတ်နိုင်တဲ့ ကာယပညာတို့ကို ဝေဒနာရှင်တွေအတွက် ခွန်အားဖြစ်စေပါတယ်။
ဒါကြောင့် မိမိဒေသ၊ မိမိမြို့/ရွာကို ချစ်မြတ်နိူးရင်တော့ ဒေသက လူငယ်တွေ၊ မိဘပြည်သူတွေက သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွေ့၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေ၊ ဆော်ဩမှုတွေကို သဝေသသိမ်းလိုက်နာပြီး ပူးပေါင်းပါဝင်ကာ ဒီရောဂါဆိုး(ကိုဗစ်-၁၉)ကို တွန်းလှန်တိုက်ထုတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဆောင်းပါးနှင့် ဓာတ်ပုံ- ခွန်အကာထွန်း၊ ကိုကိုနိုင်(ပြန်/ဆက်)