ကျောက်မဲမြို့နယ်တွင် ဒုတိယအသုတ် ထပ်မံရောက်ရှိလာသည့် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး

ကျောက်မဲ ဩဂုတ် ၇

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့ကျက်သရေဆောင်ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်း တို့၌ ယမန်နေ့ နေ့လယ် ၁ နာရီက စ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

      ကျောက်မဲမြို့နယ်အတွက်  Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၈၅၀ လုံး ပထမ အသုတ်တွင် ရရှိခဲ့ပြီး မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများနှင့် သံဃာတော်များ ၊နိုင်ငံ့ ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းသူများ၊ စားသောက်ဆိုင်/ လက်ဖက်ရည်ဆိုင်ဝန်ထမ်းများ၊ တည်းခိုခန်း ဖွင့်လှစ်ထားသူများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများနှင့် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပြည်သူများအား ဇူလိုင် ၃၀ ရက်နေ့မှစ၍ ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၃ ရက်နေ့တွင် ရရှိထားသည့် ဆေးများကုန်သွားသည့်အတွက် ကာကွယ်ဆေးထိုးခြင်းကို ခေတ္တရပ်နားခဲ့သည်။

      ကျောက်မဲမြို့နယ်အတွက် ဩဂုတ် ၆ ရက်နေ့က Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၁၄၁ လုံး ထပ်မံရောက်ရှိလာသည့် အတွက် ဆေးထိုးရန်ကျန်ရှိသူများအား  ကျောက်မဲမြို့ပေါ်တွင် စုရပ် ၂ နေရာ၊ နောင်ပိန်ကျေးရွာ၊ မိုင်းလုံမြို့၊ မိုင်းငေါ့မြို့တို့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းကျန်းမာရေးဌာနမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)