တောင်ဥက္ကလာပ ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက် အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် မိဘပြည်သူများမှ ပူးပေါင်း ပါ၀င်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ မြို့နယ်တွင်းရပ်ကွက်များ၌ ပြည်သူများ လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များကို ယနေ့နံနက် ၇ နာရီအချိန်က အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါနှိုးဆော်ချက်တွင် (၁)အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ (၂)မိမိအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ (၃)အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း maskကို စနစ်တကျ တပ်ဆင်ရန်နှင့် mask မတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ရန်၊ (၄) လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ (၅) လက်ကိုမကြာခဏ ဆေးရန်၊ လက်မဆေးပဲပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ (၆)လေ၀င် လေထွက် ကောင်းသော အခန်းများ၌ သာနေထိုင်ရန်၊ (၇)အပြင်မှပြန်လာတိုင်း mask များကို စနစ်တကျ စွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မလုပ်မီ အိမ်သားများနှင့် အနီးကပ မထိတွေ့ရန်၊ (၈)ရောဂါ ကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူရန် ၊ (၉)ကိုဗစ်-၁၉ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလိုသည်ဟု တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲဝင်များက ရပ်ကွက်အတွင်း အသိပေးကြေညာခဲ့ကြောင်း သိရသည်၊၊
ခင်ဆွေနှင်း(ပြန်/ဆက်)