ကျောက်ပန်းတောင်း ဩဂုတ်-၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို၊ ဆေးထိုးစုရပ် (၂)ခုတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်ကြီးတွင်စုရပ်(၁)အဖြစ်လည်းကောင်း၊ အမှတ်(၁) အ.ထ.က တွင် စုရပ်(၂)အဖြစ်လည်းကောင်း ဆေးထိုးစုရပ်များခွဲကာ၊ ဆေးထိုးစုရပ်တစ်ခုလျှင် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ် ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ ဆေးထိုးလာရောက်သူများအား မှတ်တမ်း ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အောက်စီဂျင်တိုင်းတာခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပြီးယမန်နေ့ ဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၄၅၂)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)