ဒဂုံ သြဂုတ် ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်များအလိုက် အလှည့်ကျ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စတင်ထိုးနှံ ပေးခဲ့ရာ ယနေ့အထိ သက်ကြီးဘိုးဘွားနှင့် ရဟန်းသံဃာ၊ သီလရှင်များအပါအဝင် (၁၀၆၈) ဦးကို ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်းလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ စေတနာရှင်ပရဟိတ Volunteer များ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံမှုတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံသူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန့်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ မြိုနယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ် (ပြန် /ဆက် )