ဆီဆိုင် ဩဂုတ် ၁၂
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော ဒေသနွား မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ မဲ့ဘောင်ကျေးရွာသို့ မျိုးကောင်းမျိုးသန့်ဒေသနွားပြာစိမ်း အမ(၂၀)ကောင်နှင့် အထီး(၁)ကောင် ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က မဲ့ဘောင် ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းက သားငါးကဏ္ဍ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်း လုံခြုံမှု ရှိစေရေး၊ ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးဘဏ်စနစ်ကို ကျင့်သုံးပြီး လက်ဆင့်ကမ်းမွေးမြူစေခြင်းဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးလာပြီး ဒေသတွင်း အသားထုတ်လုပ်မှု၊ နို့ထုတ်လုပ်မှု၊ ကြီးထွားမှုကောင်းလာပြီး ပြည်ပ ဈေးကွက်ဝင်နွားမျိုး များ ပြန့်ပွားရရှိလာမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အမှာစကားပြောကြားကြပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူး ဒေါက်တာချစ်ချစ်ဝင်းက မျိုးကောင်းမျိုးသန့် ဒေသနွားပြာစိမ်းများ ဖြန့်ဖြူးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒေသနွားလွှဲပြောင်းခြင်းစာချုပ်မှတ်တမ်းနှင့် ဖြန့်ဖြူးပေးသောဒေသနွားများအား ကျွေးမွေးနိုင်ရန် နွားလက်ခံရရှိသူတောင်သူများထံသို့ အသင့်ရောစပ်ပြီး နွားစာအိတ်များကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပေးအပ်ကာ ကျေးရွာမွေးမြူရေးဘဏ်ကော်မတီ အတွင်းရေးမှူး ခွန်ထွန်းစံ မှ ကျွန်တော်တို့ ကျေးရွာမှ ဒေသနွားလက်ခံရရှိသူများအနေနဲ့လည်း ဒေသနွားများလက်ခံရရှိပြီးတဲ့အချိန်ကစပြီး မွေးမြူရေး လုပ်ငန်းကို အခြားသူများအား ကျစိတ်ဝင်စားလာအောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးဇူးတင် စကားတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ မျိုးကောင်းမျိုးသန့်ဒေသနွား ၂၁ ကောင် မွေးမြူရန် မဲ့ဘောင်ကျေးရွာ မွေးမြူရေးဘဏ်ကော်မတီမှ ရွေးချယ်ထားသည့် အိမ်ထောင်စု(၁၀)စုမှ တစ်အိမ်ထောင်စုလျှင် ဒေသနွား အမ ၂ ကောင်စီ မွေးမြူရမည်ဖြစ်ပြီး ဒေသနွားအထီးတစ်ကောင်ကို အဆိုပါ အိမ်ထောင်စု ၁၀ စုက မဲနှိုက်မွေးမြူရမည်ဖြစ်ကြောင်းနှင့် မျိုးကောင်း မျိုးသန့်ဒေသနွားထီး(၁)ကောင်သည် နွားမ(၂၀)ကောင်ဖြင့် မျိုးဆက်၍ သားဖောက်မွေးမြူရန် ထည့်သွင်း ပေးအပ် ခြင်း ဖြစ်ကြောင်း နွားမတစ်ကောင်သည် ကာလတန်ဖိုး ၈ သိန်း၊ အထီးတစ်ကောင်ကို ၁၅ သိန်းဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းသက်နောင်ထံမှ သိရသည်။
မွေးမြူရေးဘဏ်စနစ်အရ တိရစ္ဆာန်ဒေသနွားလက်ခံရရှိသူက သတ်မှတ်ကာလ(၃)နှစ်ပြည့်လျှင် မူလရယူ ထားတဲ့တိရစ္ဆာန်ရဲ့ အသက်အရွယ်၊ အရေအတွက်၊ အရွယ်အစားအတိုင်း ကျေးရွာမွေးမြူရေးဘဏ် ကော်မတီကို ပြန်လည်အပ်နှံပေးရမှာဖြစ်ပြီး ကော်မတီမှတစ်ဆင့် အခြားမွေးမြူလိုသူတစ်ဦးကို လက်ဆင့်ကမ်းပေးရမှာဖြစ်ရာ မွေးမြူရေးဘဏ်စနစ်နဲ့ တိရစ္ဆာန်လက်ခံရယူမွေးမြူသူအနေနဲ့ အတိုးငွေပေးရခြင်း မရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)