ညောင်ရွှေ ဩဂုတ် ၇
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ် ၆ ရက်တွင် သတ္တမမြောက်ရက်အဖြစ် သက်ဆိုင်ရာစုရပ်များ၌ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက် ထိုးနှံသူပေါင်း (၁၁၃၄)ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် နန်းပန်မြို့တို့၌ နံနက်ပိုင်းမှစတင်၍ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ ကာကွယ်ဆေး မထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စူပါမားကက်များ၊ ဈေးများမှ စည်ပင်သာယာ ဝန်ထမ်းများကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများမှ ပူးပေါင်းဆောင်ရွက် ခဲ့ရာ ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်ထိ ကာကွယ်ဆေးထိုးနှံသူ (၆၃၉၂)ဦးအထိ ထိုးနှံပြီးစီးခဲ့ ကြောင်း သိရသည်။
နေမျိုးသူရိန်