ပုဏ္ဏားကျွန်း ဩဂုတ် ၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ၊ Volunteer လူမှုရေးအဖွဲ့စည်းများအား လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်မှုမှ ကာကွယ်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်း ဦးဆောင်မှုဖြင့် စုရပ်နေရာများ ထားရှိပြီး ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ၄ နာရီ အထိ၊ ကျန်းမာရေးဝန်ထမ်းများက (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံလုပ်ငန်းကို ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ လောကမာရဇိန် ဘုရားကြီးသိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံ၊ အလယ် ချောင်းကျေးလက်ကျန်းမာရေးဌာန၊ ကွန်းတောင်ကျန်းမာရေးဌာနနှင့်ပိုးရွှီပြင် ကျေးလက်ကျန်းမာရေးဌာနများတွင် စုရပ်နေရာများ သတ်မှတ်ကာ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ Volunteer လူမှုရေး အဖွဲ့အစည်းများအား တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ရဟန်းရှင်လူ၊ပြည်သူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းများဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ(Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် အတူ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer စေတနာ့ ဝန်ထမ်းများမှ လိုအပ်သည့် နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)