မာန်အောင် သြဂုတ် ၇
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ဩဂုတ် ၃ ရက်နေ့ နံနက်၁ ၀ နာရီမှ စတင်ကာ မြို့ပေါ်ရပ်ကွက်များရှိ ၆၅ နှစ်အထက် အဘိုးအဘွားများအား ဦးစားပေး ထိုးနှံပေးလျက်ရှိရာ ပါဝင်ဆောင်ရွက်ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ကူညီဆောင်ရွက် ပေးနေသည့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ဆေး ထိုးနှံလာသော ဘိုးဘွားတွေရဲ့ ရင်ထဲက ပီတိစကားသံလေးတွေကို တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါတယ်။
ဒေါ်တင်တင်ခိုင် (မြို့နယ်ကျန်းမာရေးသူနာပြုအဆင့်-၁) မာန်အောင်မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန။ (ကာကွယ်ဆေးထိုးနှံရာတွင်ဦးဆောင်ပါဝင်သူ)
မေး ။ ။ ဆရာမအနေနဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်လို့ ဘာပြောပြောချင်ပါသလဲ၊ ခက်ခဲမှုတွေ ရှိပါသလား၊
ဖြေ။ ။ ကျွန်မတို့ မြို့နယ်အတွက် ကိုဗစ်ကာကွယ်ဆေး Sinopharm ၆၇၀ လုံး ရရှိထားပါတယ်၊ ဒီဆေးတွေကို ကိုဗစ်ရောဂါပိုး အများဆုံးတွေ့ရှိရတဲ့ မြို့ပေါ်ရပ်ကွက်မှ အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားတွေကို ဦးစားပေးထိုးနှံပေးနေပါတယ်၊ ကျန်လူများကိုလည်း ထိုးနှံပေးမှာပါ၊ ဆေးရရှိမှု အပေါ်မူတည်ပြီးတော့ ရပ်ကွက်/ကျေးရွာတွေကို လွမ်းခြုံအောင် ထိုးနှံပေးသွားမှာပါ၊ အခက်အခဲတွေတော့မရှိပါဘူး၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေး ကော်မတီဝင်တွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေလည်း ဝိုင်းဝန်းအကူအညီ ပေးတဲ့အတွက် အခက်အခဲတော့ မရှိပါဘူး။
ဒုရဲအုပ်အုန်းလှိုင် (မြန်မာနိုင်ငံရဲတပ်ဖွဲ့) ပါဝင်ကူညီဆောင်ရွက်သူ
မေး။ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ကူညီဆောင်ရွက်ပါသလဲ၊ စိတ်ကျေနပ်ခံစားမှုလေးကို ပြောပြပေး ပါလား။
ဖြေ။ ကိုဗစ်ကာလမှာ လူစုလူဝေးမဖြစ်ပေါ်အောင် ဆောင်ခပ်ခွာခွာလေးရှိနေအောင် သက်ကြီးရွယ်အို များကို ဖေးမကူညီ ဆောင်ရွက်ပေးပါတယ်။ ကူညီခွင့်ရလို့လည်း စိတ်ကျေနပ်မှုရှိပါတယ်။ နောင်လည်း လိုအပ်တဲ့နေရာမှာ ပါဝင်ကူညီပေးသွားမှာပါ။
လ/ထ မီးသတ်ဦးစီမှူး ဦးကျော်စိုးမိုး (မြို့နယ်မီးသတ်တပ်ဖွဲ့) ပါဝင်ကူညီဆောင်ရွက်သူ
မေး။ ကာကွယ်ဆေး ထိုးလာတဲ့ သက်ကြီးဘိုးဘွားတွေကို ဘယ်လိုကူညီ ဆောင်ရွက်ပေးနေပါသလဲ၊ စိတ်ထဲမှ ခံစားချက်လေးတွေ ပြောပြပေးပါဦး။
ဖြေ။ ကိုဗစ်ကာကွယ်ဆေး ထိုးလာတဲ့ သက်ကြီးဘိုးဘွားတွေကို ၆ ပေအကွာခြားပြီး နေရာထိုင်ခင်း ပြုလုပ်ပေးရပါတယ်။ မသွားနိုင်တဲ့ ဘိုးဘွားများကိုလည်း ဖေးမကူညီခွင့်ရတဲ့အတွက် အလွန်ဝမ်းသာ ပိတိဖြစ်ရပါတယ် ကုသိုလ်လဲရမှာပါ။
ဦးဘဆွေ(အနောက်စု ရပ်ကွက်) (ကာကွယ်ဆေးထိုးလာသူ)
မေး။ ဦးလေးအနေနဲ့ ဒီနေ့ကာကွယ်ဆေး လာရောက်ထိုးနှံရတဲ့အကြောင်းကို ပြောပြပေးပါ။
ဖြေ။ ဒီလိုကိုဗစ်ရောဂါ ကူးစက်နေတဲ့အချိန်မှာ ကာကွယ်ဆေးထိုးထားရတာ စိတ်ချမ်းသာမှုရှိပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်းရှိသွားတာပေါ့၊ ဒါကြောင့် ကာကွယ်ဆေးထိုးရခြင်း ဖြစ်ပါတယ်။ လူတိုင်းထိုးပေးစေချင်တယ်၊ ဆေးထိုးနှံရန် စီစဥ်ပေးတဲ့သူများကိုလည်း အထူးကျေးဇူတင်ပါတယ်။
ဒေါ်မြခိုင်ဦး(အနောက်စုရပ်ကွက်)(ကာကွယ်ဆေးထိုးနှံလာသူ)
မေး။ ။အဘွားအနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့အပေါ် ဘာများပြောချင်ပါသလဲဗျ၊ ဘယ်လို ခံစားရပါလဲ။
ဖြေ။ ။ဒီလိုကိုဗစ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးနှံရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ သက်ကြီးရွယ်အိုတွေကို ဦးစားပေးအနေနှင့် ကာကွယ်ဆေးထိုးဖို့ စီစဉ်ဆောင်ရွက် ပေးကြတဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ဦးအောင်ညွန့် (သ/မအငြိမ်းစား)ကွက်သစ်၊ အနောက်စုရပ်ကွက် (ကာကွယ်ဆေးထိုးနှံလာသူ)
မေး။ ။ ကာကွယ်ဆေးထိုးနှံရတဲ့အပေါ်ဘာပြောချင်ပါသလဲ၊
ဖြေ။ ။အခု ကာကွယ်ဆေးထိုးနှံတာက ပထမအကြိမ်ပေါ့၊ အခုလို ကျွန်တော်တို့လို့ အသက်ကြီးတွေ အကုန်လုံးထိုးစေချင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ရောဂါကာကွယ် ပေးနိုင်တယ်ဆိုတော့ နည်းနည်းတော့ စိတ်ချမ်းသာရပါတယ်။ မထိုးရသေးတဲ့သူတွေလည်း ဆေးဖြစ်အောင် ထိုးကြပါလို့ ပြောချင်ပါတယ်။ အထူးပြောချင်တာက ကာကွယ်ဆေး ထိုးနှံခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်း။သိန်းဖေ(ပြန်/ဆက်)