နေပြည်တော် ဩဂုတ် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၂၃၆၄ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ ခုတင်(၃၀၀)မှ သူနာပြုစစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ၅ ရက်နေ့အထိ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စုရပ်ပြုလုပ်၍ ထိုးနှံပေးခြင်းဖြစ်ရာ ဩဂုတ်လ ၁ ရက်နေ့တွင် (၂၈၄)ဦး၊ ၂ ရက်နေ့တွင် (၅၉၈) ဦး၊ ၃ရက်နေ့တွင် (၃၁၈) ဦး၊ ၄ ရက်နေ့တွင် (၆၁၆) ဦးနှင့် ၅ ရက်နေ့တွင် (၅၄၈)ဦး စုစုပေါင်း (၂၃၆၄) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆေးရရှိမှုအပေါ် မူတည်၍ ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ပထမအကြိမ် ဆေးထိုးနှံပြီး သူများအား ဒုတိယအကြိမ် ထိုးနှံရန် ဆေးရောက်ရှိလာပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများများတစ်ဆင့် ဆေးလာရောက်ထိုးနှံနိုင်ရန် အသိပေးနိုးဆော်သွားမည် ဖြစ်ကြောင်း ဇေယျာသီရိ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)