ရွာငံမြို့နယ်တွင်း အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ပြီးစီး

ရွာငံ  ဩဂုတ်  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက် အဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ(၁)ရက်မှစတင်၍ ရွာငံမြို့ဗထူးခန်းမ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် မြို့ကြီး ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ဇုန်(၅)ဇုန်ခွဲ၍ ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ရွာငံမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၏ ကြီးကြပ်မှု့ဖြင့် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါတ်တာအေးသန္တာနိုင် ဦးဆောင်သော ကျန်းမာရေး

ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ Volunteer များ၊ ပရဟိတအဖွဲ့များမှ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများအား လက်သန့်ဆေးရည်၊ နှာခေါင်းစည်း၊ Mask များ အသုံးပြုပေးခြင်း၊ အပူချိန်၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများနှင့်အတူ ကိုဗစ်−၁၉ရောဂါနှင့်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာများကို ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား (၁၃၅၂)ပုလင်းကို အသက် (၆၅)နှစ်အထက်အဘိုးအဘွားများ၊ Volunteer/ ပရဟိတအဖွဲ့များ၊ ဘုန်းကြီး/သီလရှင်/ သာသနာရေးအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/ တယ်ခိုခန်း ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ Super Market ဈေးသည်များ စသည့် ပြည်သူစုစုပေါင်း(၂၆၉၄)ဦးတို့ကို ဩဂုတ်လ(၅)ရက်နေ့တွင် ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးသန့်