တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများကို ယနေ့နံနက်(၉:၀၀)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သည့် Sinopharm အမျိုးအစား Covid_19 Vaccine များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးအေးမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၆၅)နှစ်အထက် အဘိုး/အဘွားများကို စုရပ်တစ်ခုလျှင် (၁၅၀)ဦးစီဖြင့် ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့၀င်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိ အသက်(၆၅)နှစ်နဲ့အထက် အဘိုး/အဘွား များကို သြဂုတ်(၁)ရက်နေ့မှစတင်၍ အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံတို့တွင် စုရပ်(၄) နေရာခွဲ၍ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးကြောင်း သတင်းရရှိပါသည်။
ခင်ဆွနှင်း