အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ အလှူငွေကျပ် သိန်း(၅၀)လှူဒါန်း

                                              ရန်ကုန် ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမကွက်သစ်ကျောင်းတိုက် အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံတည် ဆောက်နိုင် ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အလှူငွေ ကျပ်သိန်း(၅၀)လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့်အဖွဲ့ဝင်များက အလှူငွေကျပ် သိန်း(၅၀)ကို လှူဒါန်းရာ စိန်ရတနာ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်း အောက်ဆီဂျင်စက်ရုံသည် တစ်နာရီလျှင်(၄၀)လီတာဝင်အိုးကြီး (၁၀)လုံးခန့် ထုတ်လုပ် ပေးနိုင်မည် ဖြစ်ပြီး တစ်ရက်လျှင်(၄၀)လီတာဝင်အိုးကြီး အလုံး(၂၀၀)ခန့် ထုတ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်ထားကာ ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း(၁၆၀၀)ခန့် ကျသင့်မည်ဖြစ်ရာ အလှူရှင်များ လှူဒါန်းလိုပါက အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း(အင်းစိန်) ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးထံမှသိရသည်။

အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့် အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကိုအရှိန် အဟုန်မြှင့် ပါဝင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို