ဘီးလင်းမြို့နယ်တွင် Stay at Home အစီအစဉ်အရ နေအိမ်ပြင်ပထွက်ခွာပါက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းမရှိသူများ အရေးယူဆောင်ရွက်

ဘီးလင်း သြဂုတ် ၅

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အား ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ် ၄ ရက်နေ့မှ စတင်ကာ Stay at Home မြို့နယ်အဖြစ် ထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက သတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာမှု မရှိသူများအား အရေးယူဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း၊ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်လေးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ် အားကစားရုံရှေ့တွင်  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဘီးလင်းမြို့နယ်အား Stay at Home မြို့နယ်အဖြစ်သတ်မှတ်ခဲ့သည့်အတွက် ကိုဗစ် -၁၉ရောဂါကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေပြင်ပထွက်ခွာသွားရမည်ဆိုပါက တစ်အိမ်တွင် တစ်ဦးသာ သက်ဆိုင်ရာ ရပ်ကွက်၏ထောက်ခံချက်ရယူထွက်ခွာရန်၊ ဆိုင်ကယ်တစ်စီးလျှင် တစ်ဦးသာ စီးရန်၊ ရပ်ကွက်အတွင်းဈေးဝယ်ထွက်ခြင်းအတွက် ကားတစ်စီးလျှင် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင်  ယာဉ်မောင်းအပြင်  နှစ်ဦးသာ သွားရောက်ရန် နေအိမ်ပြင်ပသွားလာလျှင် ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင် သွားလာကြရန် တို့ကို အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က နေအိမ်ပြင်ပ ထွက်ခွာလာသူများကို ပညာပေးရှင်းလင်း‌ပြောကြားခဲ့ကြသည်။

ယနေ့ စစ်ဆေးဆောင်ရွက်မှုတွင်  စည်းကမ်းဖောက်ဖျက်သူ(၁၃၅)ဦးတို့အား  တစ်ဦးလျှင် ဒဏ်ငွေ ၅၀၀ ကျပ်စီ ပေးဆောင်စေခြင်းဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)