နမ့်ခမ်း ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အတွင်းရှိ တိုက်ပွဲရှောင်(IDPs) စခန်းများရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်း(၁၀) နာရီအချိန် နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ဂျော်(၁)၊ တိုက်ပွဲရှောင်စခန်း၌ မူဆယ်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက လာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ဂျော်(၁)၊ ဂျော်(၂)၊ စိန်သောမတ်၊ နေဝန်းနီ၊ ပန်လုံနှင့် မိုင်းဝီး တိုက်ပွဲရှောင်(IDPs)စခန်းများ (၆)ခုရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း များ (၃)လလျှင် (၁)ကြိမ် ပုံမှန် ထောက်ပံပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်း(၁၀)နာရီ အချိန်က တိုက်ပွဲရှောင်(IDPs) စခန်းများ (၆)ခုရှိ အိမ်ထောင်စုပေါင်း(၃၈၉)စု၊ လူဦးရေ စုစု ပေါင်း(၁၈၈၆)ဦးတို့အတွက် ဆန်(၂၇၆)အိတ်၊ ဆီ (၃၈၉)ပိဿာ၊ ကုလားပဲ (၃၈၉)ပိဿာနှင့် ဆား(၁၉၅)ပိဿာ ထောက်ပံပေးအပ်ခဲ့သည်။
အခြေခံစားသောက်ကုန်ပစ္စည်းများကို မူဆယ်ခရိုင်၊ မူဆယ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝင့်နန္ဒာထူး၊ နမ့်ခမ်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမောင်ကျန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီမောင်ဘဦး တို့က ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တိုက်ပွဲရှောင်(IDPs)စခန်း တာဝန်ခံများက လက်ခံခဲ့ကြောင်း သိရသည်။
ဘဦး(ပြန်ဆက်)