နေပြည်တော် ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံနေမှုကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်လာရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ကိုဗစ်-၁၉စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဆက်လက် ထိုးနှံပေးလျှက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် လာရောက် ကြည့်ရှုရာ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဝင် ဗိုလ်မှူးဝင်းထင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်တို့က ကာကွယ် ဆေးရရှိမှုနှင့် ထိုးနှံပေးမှုအခြေအနေများအား လိုက်လံရှင်းလင်းပြောကြားခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင်းရှိ လူဦးရေ (၁၂၀၀) ကို ဩဂုတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးပြီးဖြစ်ရာ ဩဂုတ်လ ၄ ရက်နေ့တွင် ကာကွယ်ဆေးအလုံးရေ ၁၁၆၈ ထပ်မံရောက်ရှိ၍ ဆက်လက်ထိုးနှံပေးခြင်း ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေးလင်းထွန်း